စစ်ကောင်စီ ၏ ဘဏ္ဍာအရင်း အမြစ် ကို ဖြတ်တောက် ရန် ကြိုးပမ်း

အာဏာသိမ်း စစ်အုပ်စု သက်ဆိုးမရှည်နိုင်စေရေး ရည်ရွယ်၍ အဓိက ဘဏ္ဍာငွေရလမ်း ၃ ခုကို ဖြတ်တောက် ပိတ်ဆို့ရန်ပြည် သူ့အစိုးရအဖွဲ့၏ဘဏ္ဍာရေးဆိုင်ရာဝန် ကြီးဌာန ၃ ခု၏ ခေတ္တပြည်ထောင်စုဝန်ကြီးက ယမန်နေ့(မတ် ၂၁) ညပိုင်းက ပြည်သူလူထုကို တိုက်တွန်းပြောကြား လိုက်သည်။

အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့ ယန္တရားကို ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် မြန်မာကျပ်ငွေ ဘီလျံနှစ်သောင်းခွဲခန့် အနည်းဆုံး လိုအပ်နေပြီး အဓိက ဘဏ္ဍာငွေရလမ်း ၃ ခုကို ပိတ်ဆို့ ဟန့်တားနိုင်ရန် လိုအပ်ကြောင်း ပြည်သူ့အစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီး ဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်း ဝယ် ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ခေတ္တပြည်ထောင်စု ဝန်ကြီး ဦးတင်ထွန်းနိုင်က တိုက်တွန်းပြောကြားလိုက်သည်။

အကြမ်းဖက် စစ်အုပ်စု၏ အဓိက ဘဏ္ဍာငွေရလမ်း ၃ ခု ဖြစ်သည့် ပြည်သူ့အခွန်အကောက်များမှ ရရှိသည့် ဝင်ငွေများ၊ နိုင်ငံတော်ပိုင် စီးပွားရေး အရင်းအမြစ် များ မှ ရရှိသည့် ဝင်ငွေများ၊ နိုင်ငံတကာ ချေးငွေများမှ ရရှိသည့် ဝင်ငွေများကို ဟန့်တားဖြတ်တောက် နိုင်ပါက စစ်အုပ်စု၏ ယန္တရား ရပ်တန့်သွားမည်ဖြစ်သည်ဟုဦးတင် ထွန်းနိုင်က ပြည်သူသို့ အစီရင်ခံ တင်ပြရာတွင် ပြောကြားခဲ့သည်။

“အာဏာသိမ်း စစ်အုပ်စု အသက်ဆက်ဖို့ဆိုတာ ဘတ်ဂျက်လိုပါတယ်။ ပိုက်ဆံလိုပါတယ်။ ဘတ်ဂျတ်မရှိရင် ပိုက်ဆံမရှိရင် သူတို့ ရဲ့ အကြမ်း ဖက် ယန္တရားက လုံးဝ ရပ်တန့်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် အခွန်အကောက်မှ ရရှိသည့် ခန့်မှန်းဝင်ငွေမှာ မြန်မာကျပ်ငွေ ၈၆၀၀ ဘီလျံခန့်သာရှိပြီး စစ်အုပ်စု ယန္တရား လည်ပတ် ရန် လိုအပ် ငွေ၏ ၃၅ ရာခိုင်နှုန်းသာရှိပြီး နိုင်ငံပိုင် စီးပွားရေး အရင်းအမြစ်များမှ ရရှိသည့် ခန့်မှန်းဝင်ငွေမှာ မြန်မာကျပ်ငွေ ၁၂,၀၀၀ ဘီလျံခန့်ရှိ ကြောင်း ၎င်းက ထည့်သွင်းပြောကြားသည်။

လျှပ်စစ်မီတာမှ ရရှိသည့် ခန့်မှန်းဝင်ငွေမှာ တစ်နှစ်လျင် မြန်မာကျပ်ငွေ ၅၀၀၀ ဘီလျံမှ ၇၀၀၀ ဘီလျံကြားရှိပြီး စစ်အုပ်စု ယန္တရားလည်ပတ်ရန် လိုအပ်ငွေ၏ ၂၅ရာ ခိုင်နှုန်းရှိကြောင်း ၎င်းကပြောသည်။

ထို့ပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရောင်းချငွေများအား အာဏာသိမ်း စစ်အုပ်စုထံသို့ မရောက်ရှိစေရန် တားမြစ်သည့် စာကို မတ်၅ကတည်းကပင်ကမ်းလွန်ရေနံတူး ဖော်ရေး ကုမ္ပဏီများသို့ ပေးပို့ ညွှန်ကြားထားပြီး မတ် ၁၆ တွင် ထပ်မံ ပေးပို့ထားကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် နိုင်ငံတော်က အရန်ထားရှိသည့် နိုင်ငံခြား အရန်ဘဏ္ဍာငွေများ အာဏာသိမ်း စစ်ကောင်စီထံသို့ မရောက်ရှိစေရေး အတွက် စင်္ကာပူ၊မလေးရှား၊ထိုင်းနိုင်ငံများ ရှိ နိုင်ငံခြားဘဏ်များသို့ စာပေးပို့က နိုင်ငံခြား အရန်ငွေများကို ထိန်းသိမ်းပေးရန် တောင်းဆိုထားကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁ တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်း စစ်ကောင်စီက နိုင်ငံ၏ တရားဝင်အစိုးရ ဖြ စ်သည့် နိုင်ငံ တော် သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဦးတင်ထွန်းနိုင်အပါအဝင် ခေတ္တပြည်ထောင်စုဝန်ကြီးများကိုပြည် ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က တင်မြောက်ခဲ့ခြင်းဖြစ်သည်။

၎င်း၏ အဓိကတာဝန်မှာ အကြမ်းဖက် စစ်အုပ်စု အသက်ဆက်ရန်အတွက် လိုအပ်နေသည့် ဝင်ငွေနှှင့် ဘဏ္ဍာရေး အရင်းအမြစ်များကို ဖြတ်တောက် ပိတ်ဆို့ ဟန့် တားရန် ဖြစ်ပြီး ၎င်းအနေဖြင့် ကျရာတာဝန်ကို ပြည်သူလူထုနှင့်အတူ ပူးပေါင်း ဆောင်ရွတ်သွားမည်ဟု ဦးတင်ထွန်းနိုင်က ထည့်သွင်းပြောကြားခဲ့သည်။

“ပြည်သူ့လူထုအနေနဲ့ စစ်အုပ်စု သက်ဆိုး မရှည်စေရေး၊ မိမိတို့ ပေးဆောင်ထားတဲ့ ဘဏ္ဍာငွေတွေကို အသုံးပြုပြီး အကြမ်းဖက် နှိပ်စက် သတ်ဖြတ် ခြင်းများ အမြန် ဆုံး ရပ်တန့်နိုင်ရေး အတွက် ပေးဆောင်ရမယ့် အခွန်အကောက်တွေကို လုံးဝ လုံးဝ မပေးဆောင်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ပြောသည်။

စစ်အုပ်စု၏ နောက်ဆုံးဝင်ငွေရလမ်းဖြစ်သည့် ငွေစက္ကူများ အသစ်ထပ်မံ မရိုက်နှိပ် နိုင်စေရေးအတွက်လည်း လိုအပ်သည့် ကုန်ကြမ်း ပစ္စည်းများရောင်းချနေသည့် ဂျာမနီ အစိုးရနှင့် ကုမ္ပဏီသို့ ဆက်သွယ်ထားပြီး အာဏာသိမ်း စစ်ကောင်စီကို ကုန်ကြမ်း ပစ္စည်းများ ထပ်မံ မရောင်း ချရန် တောင်းဆို ထားပြီး ဖြစ် သည်ဟု ၎င်းက ပြောသည်။

ထို့ပြင် အခြားနိုင်ငံများမှ ကုန်ကြမ်းဝယ်ယူပြီး ငွေစက္ကူရိုက်နှိပ်ရန် စစ်ကောင်စီဘက်က ကြိုးစားလာပါကလဲ ထပ်မံ ရိုက်နှိပ်သည့် ငွေကြေးများကိုအက္ခရာနှင့်နံပတ် အလိုက် တရားမဝင်ငွေကြေးများအဖြစ် ကြေညာသွားမည်ဟု ၎င်းက ဆိုသည်။

နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီး ထိန်းသိမ်းကာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အုပ်စု ယန္တရား လည်ပတ်ရန် လိုအပ်သည့် ဘဏ္ဍာ ငွေများကို ဖြတ်တောက် ပိတ် ဆို့ ရန် ပြည်သူ့ အစိုးရက ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

Crd to Myanmar Now

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.