သမိုင်းမတင်မီခေတ်
သမိုင်းမတင်မီခေတ် ဆိုသည်မှာ သမိုင်းမှတ်တမ်းများ မရေးသား ရသေးခင် အချိန်ကာလကို ဆိုလိုသည်။ ကမ္ဘာမြေပေါ်တွင်လူသားတို့ နေထိုင်သွားလာ နေကြပြီးဖြစ်သော်လည်းထိုအချိန်ကာလများ အတွက်သမိုင်းမှတ်တမ်းများမရရှိနိုင်သည့်အချိန်ကာလကိုရည်ညွှန်းခြင်း ဖြစ်သည်။
စာရေးသားခြင်းတီထွင်မှုမပြုရသေးခင်အချိန်ကာလဟုလည်း ဆိုနိုင်သည်။ ပိုမိုကျယ်ပြန့်စွာ ပြောရမည်ဆိုလျှင် လူသားများမပေါ်ပေါက်မီ အချိန်ကာလကိုပါ ထည့်သွင်းပြောဆိုရမည်ဖြစ်သည်။

တူရကီနိုင်ငံ Göbekli Tepe မှ လွန်ခဲ့သောနှစ်ပေါင်း ၁၁၀၀၀ ခန့်ကလူသားများနေခဲ့ရနေရာတစ်ခု
ရှေးဟောင်း သုတေသနပညာရှင် ပေါလ်တိုးနယ်က ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ ဂူများ အတွင်း သူရှာဖွေတွေ့ရှိခဲ့သော အရာများကို ရေးသား ဖော်ပြရာတွင်ဤအသုံးအနှုန်းကို စတင်သုံးနှုန်းခဲ့သည်။ ထို့ကြောင့်ပြင်သစ်ဘာသာတွင် ၁၈၃၀ ခုနှစ်များမှစ၍စာရေးသားခြင်း မပေါ်ပေါက်မီ အချိန်ကာလကို သမိုင်းမတင်မီခေတ်ဟု သုံးနှုန်းခဲ့ကြသည်။ အင်္ဂလိပ်တို့ အတွက်မူသမိုင်းမတင်မီ ကာလဆိုသည့် အသုံးအနှုန်းကို ၁၈၅၁ ခုနှစ်တွင် ရှေးဟောင်းသုတေသနပညာရှင်ဒင်နီယယ်ဝီလ်ဆင်ကစတင် သုံးနှုန်းခဲ့သည်။
သမိုင်းမတင်မီခေတ် ဆိုသည်မှာ စကြာဝဠာ အစပြုသော အချိန်က စ၍ ရည်ညွှန်းခြင်း ပြုနိုင်သော်လည်း အများအားဖြင့် ကမ္ဘာပေါ်တွင် သက်ရှိများ စတင်ဖြစ်ထွန်းလာသည့် အချိန်မှစ၍ ရည်ညွှန်းလေ့ ရှိသည်။ ပို၍ တိတိကျကျ ဆိုရလျှင် လူနှင့် သဏ္ဌာန်တူသော သက်ရှိများ ပေါ်ပေါက်လာသည့် အချိန်က စ၍ ရည်ညွှန်းလေ့ရှိသည်။

လူတို့၏ သမိုင်းမတင်မီခေတ်ကို ရည်ညွှန်းရာတွင် သမိုင်းမတင်မီခေတ်နှင့် ဆိုင်သော သမိုင်းပညာရှင်များ အနေနှင့် ခေတ် ၃ ခေတ် ခွဲခြားသော စနစ်ကို အသုံးပြုလေ့ ရှိသော်လည်း လူသားမပေါ်ပေါက်မီ အချိန်ကာလ ကို လေ့လာသော ပညာရှင်များ အနေနှင့်မူ ပိုမို တိကျစွာ ခွဲခြားနိုင်သော ဘူမိဆိုင်ရာ ကျောက်လွှာများပေါ် မူတည်၍ ပြောဆိုလေ့ ရှိကြသည်။
လူတို့၏ သမိုင်းမတင်မီ ကာလကို ခေတ် ၃ ခေတ် အနေနှင့် ခွဲခြားသော အခါတွင် လက်နက်ကိရိယာ များကို ပြုလုပ်သော နည်းပညာ ပေါ်မူတည်၍ ကျောက်ခေတ်၊ ကြေးခေတ် နှင့် သံခေတ် ဟူ၍ ခွဲခြားခေါ်ဆိုတတ်ကြသည်။
ကျောက်ခေတ်

ကျောက်ခေတ်ဆိုသည့် အသုံးအနှုန်းကို ရှေးဟောင်းသုတေသနပညာရှင်တို့က သတ္တုကို အသုံးမပြုမီ ရှည်လျားသော အချိန်ကာလကို ရည်ညွှန်းခေါ်ဆိုလေ့ရှိပြီး ထိုခေတ်အခါက ကျောက်ဖြင့် ပြုလုပ်သော ကိရိယာများမှာ အခြားနုသော ပစ္စည်းများဖြင့် ပြုလုပ်ထားသော ကိရိယာများထက် ပို၍ များပြားစွာ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုကာလသည် ခေတ်သုံးခေတ်ပိုင်းခြားထားသော အချိန်ကာလမှ ပထမဆုံးခေတ်ဖြစ်သည်။
ကျောက်ခေတ်ကို ကျောက်ခေတ်ဦးပိုင်း နှင့် ကျောက်ခေတ်နှောင်းပိုင်း ဟူ၍ ပိုင်းခြားခြင်းကို ၁၈၅၉ ခုနှစ်တွင် ဂျန် ဂျက်ကော့ဘ် ဝေါဆာ (Jens Jacob Worsaae) မှ သူ၏ ၁၈၅၁ ခုနှစ်တွင် စတင်ခဲ့သည့် ဒိန်းမတ်တို့နှင့် ဆိုင်သော လူတို့အခြေချနေထိုင်မှုနှင့် ပတ်သက်သည့်တွေ့ရှိ ချက်များကို အခြေခံ၍ တင်ပြခဲ့သည်။

ယနေ့တိုင် အသုံးပြုနေကြဆဲဖြစ်သော ကျောက်ခေတ်ဟောင်း (Palaeolithic)၊ ကျောက်ခေတ်လယ် (Mesolithic) နှင့် ကျောက်ခေတ်သစ် (Neolithic) ဟူ၍ ထပ်ဆင့်ပိုင်းခြားခြင်းကို ဇွန်လပ်ဘောက် (John Lubbock) က ၁၈၆၅ ခုနှစ်တွင်ထုတ်ဝေခဲ့သည့် သမိုင်းမတင်မီကာလ (Pre-historic Times) ဟူသော ဂန္ထဝင် စာရင်းဝင် စာအုပ်တွင် စတင်ခဲ့သည်။
ထိုအချိန်ကာလ ၃ ခုကို ထပ်မံ၍ အစိတ်အပိုင်း ပိုင်းခြားကြသည်။ လက်တွေ့တွင်မူ ထိုသို့ခေတ်ကာလ ပြောင်းလဲမှုမှာ ဒေသ (ယဉ်ကျေးမှု) ပေါ်မူတည်၍ တနေရာနှင့် တနေရာ အကြီးအကျယ် ကွဲပြားခြားနားကြသည်။ လက်တွေ့တွင်မူ လူသားတို့သည် သံခေတ်များတွင်ပင် နေရာ ဒေသ အသစ်များသို့ ဆက်လက်၍ ပျံ့နှံ့သွားခဲ့သည်။
ထို့ကြောင့် ကျောက်ခေတ်ကာလများ ဟု ရည်ညွှန်းခြင်းထက် ကျောက်ခေတ်ကာလတစ်ခုဟု ရည်ညွှန်းခြင်းက ပို၍ လျော်ကန်သင့် မြတ် သည်။ ယနေ့ခေတ်လူတို့ သုံးနှုန်းကြသည့် အသုံးအနှုန်းများအရကျောက်ခေတ်ဆိုသည့်စကားလုံးသည်အငြင်းပွားဖွယ်ရာ စကားလုံးပင်ဖြစ် သည်။ မနုဿဗေဒ ပညာရှင်များ အသင်းကထိုအသုံးအနှုန်းကိုအားမပေးပေ။

ထိုခေတ်ထိုအခါက လူသားများသည် ကျောက်စရစ်ခဲအမျိုးမျိုးကို အသုံးပြု၍ကရိယာတန်ဆာပလာများ ပြုလုပ်ကြသည်။ ဥပမာအားဖြင့် မီးခတ်ကျောက်နှင့် chert ကျောက်များကို ပုံဖော်၍ (ပုံထွင်း၍) ဖြတ်တောက်သောကိရိယာများနှင့်လက်နက်များပြုလုပ်ကြပြီး မီးတောင် ချော်နက် နှင့် သဲကျောက်တို့ကို ကျောက်ဆုံအစရှိသည့် အောက်ခံကျောက်ကိရိယာများအဖြစ်ပြုလုပ်ကြသည်။
သစ်သား၊ အရိုး၊ ခရုခွံ၊ ချို နှင့် အခြားပစ္စည်းများကိုလည်း ကျယ်ပြန့်စွာ အသုံးပြုကြသည်။ နောက်ပိုင်းကျသောအချိန်ကာလများတွင် အနည်အနှစ်များ ( ရွှံ့နှင့်တူသောအရာများ) ကိုသုံး၍မြေထည်အိုးများပြုလုပ်ကြသည်။ သံသတ္တုနည်းပညာနှင့် ပတ်သက်သော ဆက်တိုက် ဖြစ်သည့်တီထွင်မှုများသည် နောက်ပိုင်း ကြေးနီခေတ် (Chalcolithic) ၊ ကြေးခေတ် နှင့်သံခေတ်တို့၏သွင်ပြင်လက္ခဏာများ ဖြစ်ကြ သည်။
ဤအချိန်ကာလသည် လူ၏ ဆင့်ကဲဖြစ်ပေါ်တိုးတက်မှုတွင်ပထမဆုံးနည်းပညာကို ကျယ်ပြန့်စွာအသုံးပြုခြင်းများနှင့် အရှေ့အာဖရိကရှိ ဆာဗားနားမှာ တကမ္ဘာလုံးသို့ လူသား တို့ပျံ့နှံ့သွားခြင်းတို့ပါဝင်နေသည်။ ကျောက်ခေတ်သည် စိုက်ပျိုးမွေးမြူရေးတိုးတက်လာခြင်း ၊ အချို့သောသတ္တဝါများကို ယဉ်ပါးအောင်မွေးမြူလာခြင်း၊ကြေးနီရိုင်းများကို အရည်ကျို၍သံဖြစ်အောင် ပြုလုပ်ခြင်းတို့ဖြင့် ပြီးဆုံးခဲ့သည်။

ကြေးခေတ်
ကြေးခေတ်ဆိုသည်မှာ ကြေးနီ၊ သံဖြူအပါအဝင် သတ္တုထည်များအား စနစ်တကျ ကျယ်ကျယ်ပျံ့ပျံ့ အသုံးပြုကြသည့် ခေတ်ကာလကို ညွှန်းဆိုသည်။ဘေဘီလုံနိုင်ငံ၌ခရစ်မပေါ်မီ နှစ် ၂၅၀၀ မှ ၃၅၀၀ အကြား ခေတ်ကာလကို သတ်မှတ်ကြသည်။ ကမ္ဘာသစ်ဖြစ်သောအမေရိ ကန်နိုင်ငံများတွင်မူပီရူးနိုင်ငံ၌ ခရစ်ပေါ်ပြီး နှစ် ၅၀၀ မှ ၁၀၀၀ အတွင်း သတ်မှတ်သည်။ နေရာတကျ ရပ်နေထိုင်ခြင်း၊ ရိက္ခာပိုစုခြင်း လက္ခဏာများကို တွေ့ရသည်။ မြို့ရွာများတည်ထောင်ကြသည်။
ဥရောပတိုက်တွင်မူ ခရစ်မပေါ်မီ နှစ် ၂၅၀၀ နှင့် ၁၉၀၀ အကြားတွင်ကြေးညိုခေတ်ဟု ပိုင်းခြားသည်။ ထိုခေတ်ကာလတွင်ကြေးနီနှင့် သံဖြူ သတ္တုရိုင်းများကို အရည်ကျိုရောစပ်ပြီးကြေးဝါသတ္တုစပ်ကိုဖန်တီးကာ အသုံးအဆောင်ပစ္စည်းများ၊ အနုပညာပစ္စည်းများကို သွန်းလုပ်ကြသည်။ ကြေးခေတ်တွင်လည်းလူတို့သည် မြင်းရိုင်းများကိုအိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူတတ်ကြပြီ ဖြစ်သည်။
ကြေးနီနှင့် သံဖြူသတ္တုရိုင်းများသည် ရှားပါးလှသည်။ ဘီစီ ၃၀၀၀ ခုနှစ် မတိုင်မှီ အနောက်အာရှတွင် သံဖြူနှင့်စပ်သည့် ကြေးဝါကို မတွေ့ရ ပေ။ ကြေးခေတ်သည်ခေတ်သုံးခေတ်၏ အလယ်ခေတ်ဟု ယူဆကြသည်။ အချို့ဒေသများတွင် ကျောက်ခေတ်သစ်မှကြေးခေတ်သို့ ပြောင်းလဲလာသော်လည်းအာဖရိကတိုက်တွင် ကျောက်ခေတ်သစ်မှသံခေတ်သို့တိုက်ရိုက်ကူးပြောင်းခဲ့ကြသည်။အချို့ဒေသတွင် မူကျောက် ခေတ်သစ်မှကြေးနီခေတ်၊ ကြေးနီခေတ်မှ ကြေးဝါခေတ်သို့ ကူးပြောင်းလာသည်လည်းရှိသည်။

ကြေးဝါအား တီထွင်ခဲ့သည့် နေရာဒေသနှင့် အချိန်ကာလ အပိုင်းအခြားနှင့် စပ်လျဉ်း၍ အငြင်းပွားစရာများ ရှိနေသေးသည်။ ကြေးဝါသွန်း လုပ်ခြင်းကို ဘီစီ ၄၀၀၀ ခုနှစ် အလယ်ပိုင်းခန့် မြောက် ကော့ကေးရှပ်ဒေသရှိ မေကို့ပ်ယဉ်ကျေးမှုက စတင်ဖန်တီးခဲ့နိုင်ခြေရှိသည်။ အချို့ကမူ ဘီစီ ၃၀၀၀ ခုနှစ် အလယ်ပိုင်းခန့်တွင် ဖြစ်နိုင်သည်ဟု ယူဆကြသည်။
သို့သော်လည်း မေကို့ပ်ယဉ်ကျေးမှုတွင် သဘာဝအလျောက်တွေ့ရသည့် အာဆင်းနစ်ကြေးထည်များကိုသာ အသုံးပြုကြသည်။ နောက်ပိုင်း တွင် တွေ့ရသည့် သံဖြူစပ် ကြေးဝါများသည် နည်းပညာအရ ပိုမိုရှုပ်ထွေးသည်။ ယေဘုယျအားဖြင့် ကြေးခေတ်သည် လေးလံသည့် သတ္တုများကို စတင်အသုံးပြုသည့် ခေတ်ကာလဟု ဆိုနိုင်သည်။
နောက်ပိုင်းတွင် သံထည်အသုံးပြုမှု ကျယ်ပျံ့လာကာ ကြေးခေတ်ကုန်ဆုံး၍ သံခေတ် စတင်လာတော့သည်။
သံခေတ်
သံခေတ်သည် အကြမ်းအားဖြင့် လူ့အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်ကိရိယာများကို သံဖြင့် ပြုလုပ် သုံးစွဲခဲ့သည့် အချိန်ကာလမှ အစပြုခဲ့သည်ဟု ဆိုကြသည်။ သမိုင်းအရမူ သံခေတ်သည် ခေတ်ကြီး သုံးခေတ် (ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်) တွင် နောက်ဆုံး ခေတ်ဖြစ်သည်။ ဤခေတ်၏ အစပြုရာ အချိန်ကာလမှာမူ ပထဝီဝင် အနေအထားအရ ကွာခြားမှုများ ရှိသည်။ သံခေတ်၏ အဆုံးသတ် နေ့ရက်များကိုမူ တိကျသေချာစွာ ဖော်ပြနိုင်ခြင်း မရှိကြချေ။
ယေဘုယျအားဖြင့်မူ သံခေတ်သည် ဘီစီ ၂၁ ရာစုတွင် ကမ္ဘာ့အရှေ့ခြမ်း ၊ ပါရှား ၊ အိန္ဒိယနှင့်ဂရိတို့တွင်စတင်ခဲ့သည်။ ဥရောပတွင်မူ ထိုထက်ပို၍နောက်ကျခဲ့ပြီး ဥရောပ အလယ်ပိုင်းတွင် ဘီစီ ၈ ရာစုနှင့် ဥရောပမြောက်ပိုင်းတွင် ဘီစီ ၆ ရာစုမှစတင်ခဲ့သည်။ အာဖရိကတွင် ဘီစီ ၁၂၀ဝ ၌သံရည်ကြိုပစ္စည်းများ သုံးစွဲခဲ့မှုအရသံခေတ်စတင်ခဲ့သည်ဟုယူဆနိုင်သည်။
လူတို့သည်ကြေးကိုဦးစွာလက်နက်ကိရိယာများ ပြုလုပ်ရာတွင် အသုံးပြုခဲ့ကြသည်။ အကြောင်းမှာကြေးသည်သံထက်အရည်ပျော်မှတ် နိမ့်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်သံခေတ်သည် အပူချိန်မြင့်မြင့်တွင် အရည်ကြိုသည့်နည်းပညာများထွန်းကားလာပြီးနောက်မှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကြေးခေတ်မှသံခေတ်သို့ အကူးအပြောင်းသည်ပထဝီဝင်အနေအထားများအရခြားနားမှုများ ရှိနိုင်သော် လည်းဘီစီ (၁၈၀ဝ) ခန့်ဖြစ်မည်ဟုခန့်မှန်းကြသည်။
လှသမိန်၏ ဗဟုသုတစွယ်စုံ
မြန်မာ့စွယ်စုံကျမ်း