ကမ္ဘာ့သမိုင်း တစ်လျှောက်တွင် ပုဂ္ဂိုလ်ရေး မုန်းတီးမှု၊ နိုင်ငံရေး အယူအဆ ကွဲပြားမှု၊အာဏာ ရယူလိုမှု၊ နာမည်ကြီးလိုမှု အစရှိ သည့် ရည်ရွယ်ချက် အမျိုးမျိုးကြောင့် နိုင်ငံ ခေါင်းဆောင်များနှင့် ထင်ပေါ် ကျော်ကြားသော ပုဂ္ဂိုလ်များသည်လူသတ်သမားများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်။ လုပ်ကြံမှု အထမြောက်ကာ သေဆုံးမှုများ ရှိသကဲ့သို့ အသက်မသေလွတ်မြောက်မှုများလည်း ရှိခဲ့သည်။
အမေရိကန် ပြည်ထောင်စုတွင် ဆယ်ပြည့်နှစ်များတွင် ရွေးချယ် တင်မြှောက်ခံခဲ့ရသော သမ္မတများသည် မိမိတို့ သက်တမ်းအတွင်း လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။ သို့သော် ၁၉၈၀ ပြည့်နှစ်တွင် ရွေးကောက်ခံရသော သမ္မတ ရော်နယ်ရီဂင်သည် လုပ်ကြံခံခဲ့ရ သော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ ထိုသို့လုပ်ကြံသတ်ဖြတ်မှုများအနက် ကမ္ဘာကို တုန်လှုပ်စေခဲ့သည့် လုပ်ကြံမှုများကို လူအများက ယနေ့တိုင် မှတ်မိနေကြသည်။
၁။ ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy)
(29 May 1917 – 22 Nov 1963)
အမေရိကန် ပြည်ထောင်စု၏ ၃၅ ဦးမြောက် သမ္မတဖြစ်သူ ဂျွန်အက်ဖ်ကနေဒီသည် တက်စ်ဆတ်ပြည်နယ် ဒါးလက်စ်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး လှုပ်ရှားမှုများ ဆောင်ရွက်နေစဉ် ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့တွင် လီးဟာဗေးအော့စ်ဝေးလ် ဆို သူ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့သည်။

သမ္မတ ကနေဒီသည် သမ္မတကတော် ဂျက်ကလင်း၊ တက်စ်ဆတ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျွန်ကော်နယ်လေးဇနီးမောင်နှံတို့နှင့်အတူ ခရီးသွားနေစဉ် သမ္မတ စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်ကို နှုတ်ဆက်ရန် ကြီးမားသော လူအုပ်ကြီးကစောင့်ဆိုင်းနေစဉ် လူအုပ်အတွင်းမှ သေနတ်သမားက ကနေဒီကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာဦးခေါင်းနှင့် လည်ပင်းကိုကျည်ဆံထိမှန်ခဲ့သည်။
သေနတ်သမား အော့စ်ဝေးလ်ကို တစ်နာရီအကြာတွင် ဖမ်းဆီးမိခဲ့သော်လည်း နှစ်ရက်အကြာတွင် နိုက်ကလပ်ပိုင်ရှင် ဂျက်ရုဘီက အော့စ်ဝေးလ်ကို သတ်ဖြတ်ခဲ့သည်။ဖြစ်ရပ်နှစ်ခုလုံးတွင် ပြစ်မှု ကျူးလွန်သူများသည် မိမိတို့ တစ်ဦးတည်းသာ လူသတ်မှုများကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း ထွက်ဆိုကြသည်။

ကနေဒီ လုပ်ကြံခံရမှုကို နှစ်ပေါင်း ၅၂ နှစ် ကြာသည့်တိုင် ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် သမ္မတကနေဒီကို ပစ်ခတ်ခဲ့သည့် ဓာတ်ပုံများကို သမ္မတကြီးအား အမှတ်ရစိမ့်သောငှာ ပြည်သူလူထုအား ထုတ်ဖော်ပြသခဲ့သည်။
၂။ ဂျွန်လီနွန်(John Lennon)
(9 Oct 1940 – 8 Dec 1980)
ကမ္ဘာကျော် ဘီတယ်လ် အဆိုတော် ဂျွန်လီနွန်သည် ၁၉၈၀ ပြည့်နှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် မိမိနေထိုင်သည့် တိုက်ခန်းရှေ့တွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံရကာ ကွယ်လွန်ခဲ့သည်။ ဂျွန်လီနွန်ကို လုပ်ကြံသူ မာ့ခ်ဒေးဗစ်ချက်မင်းသည် ဂျွန်လီနွန် ပြန်အလာကို တိုက်ခန်းရှေ့မှ စောင့်ဆိုင်းနေခဲ့ပြီး ထိုနေ့ည ၁၀ နာရီ မိနစ် ၅၀ တွင် ဂျွန်လီနွန်အား သေနတ်ဖြင့် ငါးချက် ပစ်ခတ်ခဲ့သဖြင့် ကျောပြင်သို့ လေးချက် ထိမှန်ကာ သေဆုံးခဲ့သည်။ ဂျွန်လီနွန်သည် မိမိအသတ်ခံရသည့်နေ့အစောပိုင်းကမာ့ခ်ဒေးဗစ်ချက်မင်း၏ အမှတ်တရ အော်တိုစာအုပ်၌ မိမိအသတ်ခံရသည့် နေရာမှာပင် လက်မှတ်ရေးထိုးပေးခဲ့သေးသည်။

ဂျွန်လီနွန်သည် ဆေးရုံမရောက်မီ ကွယ်လွန်ခဲ့ကာ ဆရာဝန်များက ဂျွန်လီနွန် ရရှိထားသည့် သေနတ်ဒဏ်ရာများသည် မည်သို့မျှ အသက်ရှင်သန်နိုင်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ မာ့ခ်ဒေးဗစ်ချက်မင်းသည် မျက်မြင်သက်သေ မရှိသော်လည်း ဂျွန်လီနွန်ကို လုပ်ကြံသတ်ဖြတ်မှုကြောင့် ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ရဲများ လာရောက် ဖမ်းဆီးချိန်တွင် မာ့ခ်ဒေးဗစ်ချက်မင်းသည် The Catcher in the Rye စာအုပ်ကို ဖတ်ရှုနေခဲ့ပြီး မာ့ခ်ဒေးဗစ်ချက်မင်းက သူသည် ဝတ္ထုထဲမှ အဓိကဇာတ်ကောင် ဟောဒင်းကော်လ်ဖီး၏ ကြီးမားသော အစိတ်အပိုင်းဖြစ်ကြောင်း ပြောခဲ့သည်။ သူ့ခန္ဓာ၏ သေးငယ်သော အစိတ်အပိုင်းသည် မကောင်းဆိုးဝါးဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟုလည်း ဆိုသည်။
၃။ မဟတ္တမဂန္ဓီ (Mahatma Gandhi)
(2 Oct 1869 – 30Jan 1948)
မဟတ္တမဂန္ဓီသည် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရရှိရေးအတွက် အဓိက ကြိုးပမ်းခဲ့သောပုဂ္ဂိုလ်ကြီးဖြစ်ကာ ငြိမ်းချမ်းရေးတရားများ အမြဲဟောပြောခဲ့သူ တစ်ဦးဖြစ်သည်။ မဟတ္တမဂန္ဓီသည် ၁၉၄၈ ခုနှစ် ဇန်ဝါရီလ ၃၀ ရက်တွင် ဟိန္ဒူ အစွန်းရောက် နာသူရမ်ဂိုစီ ၏ လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် ကွယ်လွန်ခဲ့ရသည်။

နာသူရမ်သည် သေနတ်မောင်းကို ဖြုတ်ခဲ့သူ တစ်ယောက် ဖြစ်ခဲ့သော်လည်း သူသည် နာရာယန်အက်ပ် နှင့်အတူ ပူးပေါင်း လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်ထားကြသည်။ ဟိန္ဒူအစွန်းရောက်သမားများသည် အိန္ဒိယ ပါကစ္စတန် အရေးတွင် ထားရှိသော ဂန္ဓီ၏ ရပ်တည်မှုကို စိတ်မသက်မသာဖြစ်ခဲ့ကြသည်။
မဟတ္တမဂန္ဓီကို လုပ်ကြံခဲ့သူ နာသူရမ်ဂိုစီ နှင့် နာရာယန်အက်ပ်တို့ကို ကြိုးပေးကာ သေဒဏ် စီရင်ခဲ့ခြင်းကို လူအများက ဆန့်ကျင် ကန့်ကွက်ခဲ့ကြ သည်။ ထိုသို့ ကန့်ကွက်သူများထဲတွင် မဟတ္တမဂန္ဓီ၏ သားနှစ်ဦးလည်း ပါဝင်ခဲ့ကာ မဟတ္တမဂန္ဓီ၏ သားများသည် တရားခံများအား သေဒဏ် စီရင်ခြင်းသည် မဟတ္တမဂန္ဓီ၏ ငြိမ်းချမ်းရေး အမွေအနှစ်ကို မလေးစားရာ ရောက်ကြောင်း ယုံကြည်ခဲ့ကြသည်။

တရားခံများ သေဒဏ်ကျခဲ့ခြင်းအပေါ် လူအများက နှစ်သက်မှု မရှိခဲ့ကြပါချေ။ အိန္ဒိယနိုင်ငံ၏ အမျိုးသား ခေါင်းဆောင်ကြီးဖြစ်သူ အသက် ၇၈ နှစ်အရွယ်ရှိ မဟတ္တမဂန္ဓီအား လုပ်ကြံသတ်ဖြတ်ရန် နောက်ကွယ်မှ စီမံခဲ့သောအင်အားစုများ ရှိကြောင်းလက်ခံထားကြသည်။
၄။ ဖရန့်ဇ် ဖာဒီနန် (Franz Ferdinand)
(18 Dec 1863 – 28 Jun 1914)
ပထမကမ္ဘာစစ်ကြီးကိုဖြစ်ပွားစေခဲ့သည့် သြစတြီးယား အိမ်ရှေ့စံမင်းသား ဖရန့်ဇ်ဖာဒီနန် လုပ်ကြံ သတ်ဖြတ်ခံရမှုသည် ၁၉၁၄ ခုနှစ် ဇွန်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည်။ ဖရန့်ဇ်ဖာဒီနန်သည် သြစတြီးယား ဟန်ဂေရီ အင်ပါယာ ဧကရာဇ် ဂျိုးစက်ဖ်၏ တူ ဖြစ်ပြီး ထီးနန်းကို ဆက်ခံမည့် နန်းမွေခံမင်းသားဟု ယူဆထားကြသူ တစ်ဦးဖြစ်သည်။ ဖရန့်ဇ်ဖာဒီနန် လုပ်ကြံသတ်ဖြတ်ခံရမှုသည် ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားစေသည့် နိုင်ငံရေးနှင့် စစ်ရေး ကွင်းဆက်ပေါ်သို့ ရောက်ရှိစေခဲ့သည်။

ဖရန့်ဇ်ဖာဒီနန် နှင့် ဇနီးဖြစ်သူ အိမ်ရှေ့မင်းသမီး ဆိုဖီတို့ကို ၁၉၁၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ဘော့စနီးယားဒေသ၊ ဆာရာယေဗိုတွင် ဆာဗီးယားအမျိုးသားရေးဝါဒီ တစ်ဦးဖြစ်သူ ဂါဗရီလိုက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ဖရန့်ဇ်ဖာဒီနန်သည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးယားသို့ တပ်များ စစ်ဆေးရန် ရောက်ရှိနေခဲ့ရာ ထိုစဉ်ကဘော့စနီးယားနှင့် ဟာဇီဂိုဗီးယားသည် သြစတြီးယား ဟန်ဂေရီတို့ တိုးချဲ့သိမ်းပိုက်ထားသည့် နယ်မြေတစ်ခု ဖြစ်သည်။

ထိုသို့ သိမ်းပိုက်ထားခြင်းကို ဆာဗီးယား မျိုးချစ်ဝါဒီများက များစွာ ဒေါသထွက်ခဲ့ကြကာ မိမိတို့ ဒေသသို့ ဖရန့်ဇ်ဖာဒီနန် ရောက်ရှိလာ ချိန်တွင် မျိုးချစ်ဝါဒီအုပ်စု တစ်စုအတွက် ဖရန့်ဇ်ဖာဒီနန်ကို လုပ်ကြံရန် အခွင့်ကောင်းတစ်ရပ် ရရှိခဲ့သည်။
၅။ မာတင်လူသာကင်း(Martin Luther King Jr.)
(15 Jan 1929 – 4 Apr 1968)
အမေရိကန် လူမည်း အခွင့်အရေး တောင်းဆိုရေး လှုပ်ရှားမှု ခေါင်းဆောင်ဖြစ်သူ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် မာတင်လူသာကင်းသည် “ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်” ဟု ပြောလေ့ရှိသည့် သူ၏ မိန့်ခွန်းများကြောင့် အလွန်ထင်ရှားခဲ့သူ တစ်ဦးဖြစ် သည်။ ၁၉၆၈ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် မာတင်လူသာကင်းသည် တန်နက်စ်ဆီပြည်နယ်၊ မမ်ဖီးစ်တွင် မိမိတည်းခိုနေသည့် ဟိုတယ်၏ လေသာဆောင်တွင် ရပ်နေစဉ် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။

မာတင်လူသာကင်းကို လုပ်ကြံခဲ့သူ ဂျိမ်းစ်အားရ်ရေးသည် ထောင်ဒဏ် ၉၉ နှစ် ကျခံခဲ့ရပြီး ၁၉၉၈ ခုနှစ်က ထောင်တွင်း၌ပင် ကွယ်လွန် သွားခဲ့သည်။ မာတင်လူသာကင်း လုပ်ကြံခံရမှုသည် အမေရိကန် အစိုးရပါဝင်ပတ်သက်မှုရှိခဲ့ကြောင်းအများကယူဆခဲ့ကြကာ ဂျိမ်းစ်အားရ်ရေးသည်ဓားစာခံ ဖြစ်ခဲ့ကြောင်းပြောဆိုကြသော်လည်း သက်သေအထောက်အထားများကို မဖော်ထုတ်နိုင်ခဲ့ကြပါချေ။

၆။ အေဗရာဟင်လင်ကွန်း(Abraham Lincoln)
(12 Feb 1809 – 14 Apr 1865)
အမေရိကန်နိုင်ငံ၏ ၁၆ ဦးမြောက် သမ္မတဖြစ်သူ အေဗရာဟင်လင်ကွန်းသည် အမေရိကန်နိုင်ငံတွင် ကျွန်စနစ်ကို ဖျက်သိမ်းပေးခဲ့သူအဖြစ် ကမ္ဘာတွင် ထင်ရှားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ကျွန်စနစ် ဖျက်သိမ်းမှုကို ထောက်ခံသူ ကန့်ကွက်သူများအကြား ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီးနောက် ၁၈၆၅ ခုနှစ် ဧပြီလ ၁၄ ရက်တွင် ဂျွန်ဝိက်ဘုသ် ၏ လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့သည်။

ထိုနေ့သည် အမေရိကန် ပြည်တွင်းစစ် ပြီးဆုံးသော ငါးရက်မြောက်နေ့ဖြစ်ကာ သမ္မတကြီး အေဗရာဟင်လင်ကွန်းသည် ဝါရှင်တန်ဒီစီရှိ ဖို့ဒ် ကပွဲရုံတွင် ဇနီးဖြစ်သူ မေရီလင်ကွန်းနှင့်အတူ ကြည်းတပ်အရာရှိ ဟင်နရီရက်သ်ဘွန်း၊သူနှင့် စေ့စပ်ထားသည့် မိန်းကလေး ကလျာ ဟာရီစ် တို့လည်း ပွဲကြည့်ဆောင်အတွင်း ရှိနေခဲ့ကြသည်။
အေဗရာဟင်လင်ကွန်းနှင့် အဖွဲ့သည် ပွဲကြည့်နေစဉ် နာမည်ကြီး သဘင်မင်းသား တစ်ဦးဖြစ်သူ ဘုသ်သည် လူအုပ်အတွင်းမှ ရုတ်တရက် ထွက်လာပြီး လင်ကွန်း၏ ဦးခေါင်း နောက်ပိုင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ လင်ကွန်းအား ကယ်တင်ရန် ထလာသော ဟင်နရီရက်သ်ဘွန်းကို ဓားဖြင့် ထိုးခဲ့သည်။

ဘုသ်သည် မြင်းစီး၍ ထွက်ပြေးသွားခဲ့ကာ ၁၂ ရက်ကြာ လွတ်မြောက်နေခဲ့သော်လည်း သူနှင့်အပေါင်းအပါများကိုလိုက်လံခြေရာခံ နေသည့် ပြည်ထောင်စု တပ်ဖွဲ့ဝင်များကအသေဖမ်းဆီးရမိခဲ့သည်။ သူနှင့်ပူးပေါင်းကြံစည်ခဲ့သူ လေးယောက်ကိုနောက်ပိုင်းတွင် ကြိုးပေးစီရင်ခဲ့သည်။
၇။ ဂျူးလီယက်ဆီဇာ(Julius Ceasar)
(13 July 100 BC – 15 March 44 BC)

ရောမ အာဏာရှင် ဂျူးလီယက်ဆီဇာအား ဘီစီ ၄၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းသည် ကမ္ဘာပေါ်တွင် အကြီးမား ဆုံးသော ယဉ်ကျေးမှု ထွန်းကားမှု ရပ်တံ့သွားခဲ့ခြင်း၏ အစဟု ဆိုကြသည်။ ဆီဇာသည် မိမိတို့ကိုယ်မိမိ လွတ် မြောက်ရေးသမားများဟု အမည်တပ်ထားသည့် လွှတ်တော်အမတ်များ၏ ဓားဖြင့် ထိုးခံရခြင်းကြောင့် သေဆုံးခဲ့ရသည်။

အမတ်များက ဆီဇာသည် လွှတ်တော်ကို ဖျက်သိမ်းလျက် အာဏာရှင်စနစ် ထူထောင်မည်ကို စိုးရိမ်ကြသဖြင့် ဆီဇာ့ကို လုပ်ကြံရန် ဆုံးဖြတ်ခဲ့ကြသည်။ ဆီဇာ့ကို လုပ်ကြံခဲ့ခြင်းသည် တစ်ချိန်က အင်အားကြီးမားခဲ့သော ရောမ အင်ပါယာကြီးကို ကျဆုံးစေခဲ့သည်။
၈။ ဘန်နေဇီယာဘူတို (Benazir Bhuto)
(21 Jun 1953 – 27 Dec 2007)
ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ် ရွေးကောက်ခံရသူ ဘန်နေဇီယာဘူတိုသည် ပါကစ္စတန်နိုင်ငံ၊ ရာဝါပင်ဒီတွင် လုပ်ကြံသတ် ဖြတ်ခြင်း ခံခဲ့ရသည်။ လုပ်ကြံမှုအတွင်း ပစ်ခတ်မှုများနှင့် ဗုံးပေါက်ကွဲမှုများကြောင့် အနည်းဆုံး လူပေါင်း ၂၄ ဦး သေဆုံးခဲ့သည်။

၂၀၀၈ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှု ဆောင်ရွက်နေစဉ် ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် အသေခံဗုံးခွဲသမားက ဗုံးကို မခွဲမီ ဘူတိုကို ဦးစွာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဘူတိုနှင့် အရပ်သားများ သေဆုံးခဲ့ရသည်။

ပါကစ္စတန် စစ်ခေါင်းဆောင်ဟောင်းဖြစ်သူ ပါဗက်စ် မူရှာရက်ဖ်ကို ဘူတိုအား လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ခဲ့ကြောင်း စွဲချက်တင်ခဲ့သည်။ ဘန်နေဇီယာ ဘူတိုသည် ၁၉၇၉ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် သေဒဏ်စီရင်ခြင်း ခံခဲ့ရသော ပါကစ္စတန်နိုင်ငံ၏ ကိုးဦးမြောက် ဝန်ကြီးချုပ် အလီဘူတို၏ သမီးဖြစ်သည်။
၉။ ရာဂျစ်ဂန္ဓီ(Rajiv Gandhi)
( 20 Aug 1944 – 21 May 1991)
၁၉၉၁ ခုနှစ် မေလ ၂၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ခရီးထွက်ခဲ့သော ရာဂျစ်ဂန္ဓီသည် တမီလ် အသေခံ ဗုံးခွဲသမားတစ်ယောက်၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့သည်။

ရာဂျစ်ဂန္ဓီနှင့်အတူ အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့သည်။ လုပ်ကြံမှုကို သီရိလင်္ကာမှ ခွဲထွက်ရေး တမီလ် ကျားအုပ်စု (LTTE) အဖွဲ့ဝင် တစ်ယောက်ဟု ယူဆရသူ ရာဂျာရာသနမ် ဆိုသူက ကျူးလွန်ခဲ့သည်။
(LTTE) အဖွဲ့ခေါင်းဆောင် ပရာဘာကရမ်နှင့် ရာဂျစ်ဂန္ဓီတို့အကြားကာလရှည်ကြာစွာ အဆင်မပြေမှုနှင့် ရာဂျစ်ဂန္ဓီ၏ အခြား တမီလ် အဖွဲ့အစည်းများနှင့် ပဋိပက္ခရန်ညှိုးများကရာဂျစ်ဂန္ဓီကိုလုပ်ကြံသတ်ဖြတ်မှုဖြစ်စေခဲ့သည်ဟုယုံကြည်ကြသည်။

ရာဂျစ်ဂန္ဓီ၏ မိခင်ဖြစ်သူ အင်ဒီရာဂန္ဓီသည်လည်း ၁၉၈၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် မိမိ၏ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။
၁၀။ မယ်လ်ကွန်အိတ်စ် (Malcolm X)
(19 Mar 1925 – 21 Feb 1965)
မယ်လ်ကွန်အိတ်စ်သည် အမေရိကန်နိုင်ငံမှ အာဖရိကန်အမေရိကန်အမျိုးသားရေးဝါဒီနှင့် ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သည်။ လူ့အခွင့်ရေး လှုပ်ရှားသူတစ်ဦးလည်းဖြစ်သောမယ်လ်ကွန်အိတ်စ်သည်ပြိုင်ဘက် မွတ်ဆလင်အုပ်စု၏လုပ်ကြံခြင်းကြောင့် ၁၉၆၅ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကွယ်လွန်ခဲ့သည်။

အာဖရိကန် အမေရိကန် အဖွဲ့ အစည်းအဝေးကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တွင် ကျင်းပနေစဉ်ပရိတ်သတ်ထဲမှတစ်ဦးက အုတ်အော် သောင်းနင်းဖြစ်အောင်ပြုလုပ်ခဲ့ပြီး အခြားတစ်ယောက်ကမယ်လ် ကွန်အိတ်စ်အားသေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ပရိသတ်ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ် အခြား သေနတ်သမားများက မယ်လ်ကွန် အိတ်စ်ကိုသေနတ်ဖြင့်အချက်ပေါင်းများစွာပစ်ခတ်ခဲ့ကြသည်ဟုဆိုသည်။
မယ်လ်ကွန်အိတ်စ်၏ ခန္ဓာကိုယ်ပေါ်တွင် သေနတ်ဒဏ်ရာ ၂၁ ခုတွေ့ရှိခဲ့ရပြီးထိုနေ့ ညနေ ၃ နာရီ မိနစ် ၃၀ တွင်ကွယ်လွန်ခဲ့သည်။ မယ်လ်ကွန်အိတ်စ်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သူသောမတ်စ်ဟေဂန်ကိုအစည်းအဝေးပြုလုပ်သည့်နေရာမှာပင်ဖမ်းဆီးရမိခဲ့ပြီး မယ်လ်ကွန်အိတ်စ်အားလုပ်ကြံခဲ့ကြောင်းဖြောင့်ချက်ပေးခဲ့သည်။

ထောင်ဒဏ် ၄၅ နှစ် အပြစ်ဒဏ် ကျခံခဲ့ရသည့် ဟေဂန်သည် ၂၀၁၀ ပြည့်နှစ်မတိုင်မီထောင်မှလွတ်မြောက်လာခဲ့သည်။ လုပ်ကြံမှုတွင် ပါဝင်ခဲ့သူ သေနတ်သမားနှစ်ယောက်ကို ဖမ်းဆီးရမိခဲ့သော်လည်းနှစ်ယောက်လုံးကလုပ်ကြံမှုတွင်ပါဝင်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ကြသည်။ သို့သော်လည်း သူတို့အားထောင်ဒဏ် နှစ် ၂၀ စီချမှတ်ခဲ့သည်။
မယ်လ်ကွန်အိတ်စ်၏ ရုပ်အလောင်းအားဖေဖော်ဝါရီလ ၂၇ ရက်အထိ ပြည်သူများအားလာရောက် ကြည့်ရှုခွင့်ပြုခဲ့ရာလူပေါင်းသုံးသောင်း ကျော်လာရောက်ခဲ့ကြသည်။ မယ်လ်ကွန်အိတ်စ်၏ အတ္ထုပ္ပတ္တိစာအုပ်ကိုမယ်လ်ကွန်အိတ်စ်လုပ်ကြံခံရပြီးမကြာမီ ထုတ်ဝေခဲ့ရာ ၂၀ ရာစုအတွင်း စာဖတ်ပရိသတ်အပေါ် သြဇာလွှမ်းမိုးမှုအရှိဆုံးစာအုပ်တစ်အုပ်ဖြစ်လာခဲ့သည်။

လုံခြုံရေးစနစ်နှင့် သတင်း အချက်အလက်ထောက်လှမ်းရေးနည်းစနစ်များတိုးတက်လာမှုကြောင့် နိုင်ငံခေါင်းဆောင်များကိုလုပ်ကြံ သတ်ဖြတ် ခံရမှုများသည် လျော့နည်းလာပြီဟု ဆိုနိုင်သော်လည်း လုပ်ကြံရန် အားထုတ်မှုများသည်ကားလျော့နည်းသွားခြင်းမရှိပါချေ။ အယူအဆမတူမျှမှုကိုမူတည်လျက် တစ်ဦးတစ်ယောက်သောပုဂ္ဂိုလ်အား လူ့လောကမှ အပြီးတိုင်ဖယ်ထုတ်ပစ်ရန် ကြိုးပမ်းမှုများသည် လူ့သမိုင်းတွင် ဆက်လက် ဖြစ်ပွားနေဦးမည်သာဖြစ်ပေသည်။
မောင်သာ (ရှေးဟောင်းသုတေသန)
(၂၀၁၆ ခုနှစ် ဇွန်လထုတ် သုတစွယ်စုံ မဂ္ဂဇင်း)