လက်ရှိဆိုးရွားနေတဲ့ အခြေအနေတွေအရ အသက်ပေးကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေအပြင် ပြည်သူတွေဘက်က ရပ်တည်ကာကွယ်ရင်း အသက်ပေးသွားကြတဲ့ တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေလည်း အများအပြားရှိနေပါတယ်။
ပြည်သူတွေ အားလုံးနဲ့အတူ တော်လှန်ရေးတိုက်ပွဲကြီးမှာ အသက်ရင်းကာ အားကြိုးမာန်တက် ပါဝင်လှုပ်ရှားခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ ချင်းအမျိုးသားတပ်ဦး (CNF) ကလည်း အပါအဝင်ပါပဲ။

၂၀၂၁ခုနှစ် မေလ(၂၉)ရက်နေ့မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ဟာ အာဏာရှင် စနစ်ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ကျင့်သုံးရေးအတွက် နှစ်ဖက်သဘောတူညီချက်ကို အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဆိုပါ သဘောတူညီချက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချင်းအမျိုးသားတပ်ဦးတို့အကြား အပြန်အလှန်အသိအမှတ်ပြုမှု၊ လေးစားမှုတို့နဲ့ အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ကျင့်သုံးရေးအတွက် တန်းတူရေး အခြေခံဖြင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းနဲ့ အခြား အရေးကြီးတဲ့ ပူးပေါင်းဆောင်ရွက်မှုကိစ္စများပါဝင်တယ်လို့ သိရပါတယ်။

နှစ်ဖက်သဘောတူညီချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်မှ နိုင်ငံတော် ဒုတိယ သမ္မတကြီး ဒူဝါလရှီးလ၊ပြည် ထောင်စုဝန် ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဝန်ကြီးများ နှင့် ချင်းအမျိုးသားတပ်ဦး (CNF) မှ ဥက္ကဌ ပူးဇင်ကျုံး၊ ဒု-ဥက္ကဌများ၊ အထွေထွေအတွင်းရေးမှူးများမှ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တရားဝင်လက်မှတ်ရေးထိုးခြင်းမရှိခဲ့ဘဲ CNF က ပထမဆုံးတရားဝင်ပူးပေါင်းလိုက်တဲ့ တိုင်းရင်းသားတပ်ဖွဲ့ပဲ ဖြစ်ပါတယ်။
Credit to original writing