ကျွန်တော်တို့ဆီမှာ ကိုယ်ပိုင်အိမ်ခြံကား နဲ့ နေနိုင်တဲ့သူတွေကို ချမ်းသာတယ် လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် အမေရိကန်က နေရာတစ်ခုက တော့ အဲဒီထက်ပိုတယ်လို့ ဆိုနိုင်ပါတယ်။ ဖလော်ရီဒါပြည်နယ် အရှေ့မြောက်ဘက်မှာ ရှိတဲ့ Spruce Creek ဆိုတဲ့ နယ်မြေမှာ ရှိတဲ့လူ တိုင်းဟာ အလန်းစားကားတွေသာမက တစ်ယောက်ကို လေယာဉ် တစ်စင်းစီ ပိုင်ဆိုင်နိုင်တဲ့ အထိချမ်းသာ ကြပါတယ်။

ကမ္ဘာကျော် လေယာဉ်ရပ်ကွက် ဆိုရင်လည်း မမှားပါဘူး။ ဒီနေရာမှာ လူဦးရေ ၅၀၀၀ ဝန်းကျင်ခန့်နေထိုင်ပြီး အိမ်ပေါင်း ၁၃၀၀လုံး နဲ့ လေယာဉ်ဂိုထောင် ၇၀၀ ကျော် ရှိပါတယ်။ အဲဒီနေရာကို ဖြတ်သန်းသွားပါက ကားတွေပါကင်ထိုးထားသလို အစီအရီပါကင်ထိုးထားတဲ့ လေယာဉ်တွေကိုမြင်ရမှာပါ။ အိမ်အများစုမှာ ကားဂိုထောင် မရှိပဲ လေယာဉ်ဂိုထောင်တွေပဲရှိနေပါတယ်။

အိမ်တွေရဲ့ အလယ်မှာတော့ ပေ၄၀၀၀ ရှည်ပြီး ၁၅၀ပေ ကျယ်တဲ့ လေယာဉ်ပြေးလမ်းမကြီးတစ်ခုကို ထားရှိပါတယ်။ ဒါအပြင် ၁၈ကျင်းပါတဲ့ အဆင့်မြင့် ဂေါက်ကွင်းတစ်ခုလည်း အဲဒီနေရာမှာ ရှိနေပါသေးတယ်။ ၂၄နာရီ ကိုယ်ပိုင်လုံခြုံရေးထားရှိတဲ့ နေရာလည်းဖြစ်ပါတယ်။
လေယာဉ်မောင်းသင်တန်းတွေ ၊ လေယာဉ်အငှားဆိုင်တွေ ၊ လေယာဉ်မောင်းကလပ်တွေရှိတဲ့နေရာဖြစ်ပါတယ်။ လေယာဉ်ပိုင်ဆိုင်မှုနဲ့ ပတ်သတ်ရင်နာမည်ကြီးတဲ့ မင်းသားကြီး John Travolta နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။



ဒီအရပ်ကနေ John Travolta ပြောင်းရွှေ့သွားခဲ့တဲ့အကြောင်းအရင်းကတော့ သူပိုင်ဆိုင်တဲ့ ဘိုးရင်း 707 လေယာဉ်ကြီးမောင်းနှင်တဲ့အခါ အသံအလွန်ကျယ်လောင်ပြီး ဆူညံမှုကို ဒေသခံတွေက ကွန်ပလိန်းတက်လို့ ဖြစ်ပါတယ်။
Spruce Creek မှာနေထိုင်သူတွေဟာ အရမ်းစည်းလုံးကြပါတယ်။ သူတို့အများစုဟာ ပရော်ဖက်ရှင်နယ်လေယာဉ်မှူးတွေဖြစ်ပြီး စကားပြောတဲ့အခါ လေကြောင်းနဲ့ဆိုင်တဲ့ ဗန်းစကားတွေနဲ့ ပြောလေ့ရှိပါတယ်။ ကျန်တဲ့သူတွေကတော့ ဆရာဝန်တွေ ၊ ရှေ့နေ့တွေနဲ့ မြေစစ်ဆေးရေးအရာရှိတွေဖြစ်ပါတယ်။



တူညီတဲ့အချက်ကတော့သူတို့အားလုံး လေယာဉ်တွေကို အလွန်အမင်းစိတ်ဝင်စားကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်းဒီနေရာမှာတကူးတ ကလာနေကြခြင်းဖြစ်ပါတယ်။ သူတို့မှာ ထုံးစံတစ်ခုရှိပါတယ်။ အဲဒါကတော့ တနင်္ဂနွေနေ့မနက်တိုင်းမှာသူတို့တွေဟာစုရုံးလေ့ရှိပြီး အဲဒီနေရာကနေဒေသဆိုင်ရာလေဆိပ်ကိုပျံသန်းပြီး မနက်စာစားလေ့ရှိတာပါပဲ။



အစကတော့ ဒီလိုလေယာဉ်ချစ်သူတွေနေထိုင်တဲ့နေရာဟာအနည်းငယ်သာရှိပြီးယနေ့မှာတော့ အမေရိကန်မှာဒီလိုနေရာပေါင်း ၆၀၀ခန့်ရှိ နေပါပြီ။ ဒီအထဲမှာ Spruce Creek ကအကြီးဆုံးလေယာဉ်ချစ်သူတွေနေထိုင်ရာ အရပ်ဖြစ်ပါတယ်။ အရီဇိုးနား ၊ ကော်လိုရာဒို ၊ ဖလော်ရီဒါ ၊ တက်ဆက်စ် နဲ့ ဝါရှင်တန်ပြည်နယ်တွေမှာဒီလိုနေရာတွေရှိပါတယ်။


အမေရိကန်ကစတဲ့လေယာဉ်ချစ်သူ ယဉ်ကျေးမှုဟာ ကနေဒါ ၊ တောင်အမေရိကနဲ့ ကော်စကာရီတာတို့ကိုပါပျံ့နှံ့သွားပြီးအဲဒီက လေယာဉ်ချစ်သူတွေဟာလည်း ဒီလိုမျိုးနေရာတွေဖန်တီးလျက်ရှိနေပါတော့တယ်။

crd