တောင်ကိုရီးယားမှာ အဆောက်အဦတစ်လုံးပြိုကျခဲ့ပြီး လူ ၉ ဦး သေဆုံး
တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းမှာ ဗုဒ္ဓဟူးနေ့(ဇွန် ၉) ၅ ထပ် အဆောက်အဦတစ်လုံး ပြိုကျခဲ့တာကြောင့်လူ ၉ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရခဲ့ပြီး အပြိုအပျက်အပိုင်းအစတွေ ဘတ်စ်ကားတစ်စီးပေါ် ဖုံးသွားခဲ့တယ်လို့ဒေသတွင်းမီဒီယာကဖော်ပြပါတယ်။

ဖြိုချနေစဉ် ပြိုကျသွားခဲ့တဲ့ အဆောက်အဦမှကွန်ကရစ်တွေဟာဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးက ဘတ်စ်ကားဂိတ်မှာရပ်ထားတဲ့ဘတ်စ် ကား တစ်စီးကိုဖုံးအုပ်သွားခဲ့တယ်လို့ ယွန်ဟပ်သတင်းအေဂျင်စီကဆိုပါတယ်။
တောင်ပိုင်း ဂွမ်ဂျူးမြို့ရှိ အခင်းဖြစ်နေရာကို အရေးပေါ် ကယ်ဆယ်ရေးတာဝန်ရှိသူတွေ သွားရောက်ခဲ့ကြပြီး လူ ၈ ဦး ကိုကယ်တင် ပေးခဲ့ပါ တယ်။ ၎င်းတို့ ၈ ဦးစလုံး ဒဏ်ရာရပြင်းထန်စွာ ရထားတယ်လို့လည်း အမျိုးသား မီးသတ်အေဂျင်စီက ထုတ်ပြန်ပါတယ်။

ယင်း ၈ ဦးဟာ ဘတ်စ်ကားပေါ်လိုက်ပါခဲ့သူတွေလား အဆောက်အဦထဲ ရှိနေသူတွေလားဆိုတာကိုတော့ ပြောဆိုခြင်း မရှိပါဘူး။ အဆောက်အဦ ပြိုကျချိန်မှာ အဆောက်အဦထဲ လူရှိနေသလားဆိုတာကိုလည်း လတ်တလောမှာမသိရသေးဘူးလို့ ဆိုပါတယ်။
ယွန်ဟပ်သတင်းရဲ့ အဆိုအရတော့ သေဆုံး ဒဏ်ရာရသူ အများစုဟာ ဘတ်စ်ကားပေါ်က လူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အခြား ကားနှစ်စီး ဟာလည်း အပြိုအပျက်တွေ ဖုံးအုပ်ခံခဲ့ရပုံရတယ်လို့ ယင်း သတင်းက ဖော်ပြခဲ့ပေမယ့်ကားနှစ်စီးဟာ ဘေးရန်ကနေ သီသီလေးလွတ်သွား ခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပြောဆိုခဲ့ပါတယ်။

အပြိုအပျက်တွေအောက် ပိတ်မိနေသူတွေ ရှိနေသေးသလားဆိုတာ သူတို့ ရှာဖွေမှုတွေလုပ်နေကြောင်း မီးသတ်အေဂျင်စီ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်