ဝင်ငွေနိမ့်နဲ့ အလယ်အလတ် ဝင်ငွေအဆင့် နိုင်ငံတွေအတွက် အခြေခံအဆောက်အအုံဆိုင်ရာ ဘဏ္ဍာငွေကြေးပိုင်း အကူအညီပေးမယ့် အစီအစဉ်တရပ်ကို အမေရိကန်သမ္မတ Joe Biden အစိုးရက ကြေညာဖို့ရှိပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) ကို တုံ့ပြန်လုပ်ဆောင်တဲ့ အစီအစဉ်တရပ်အဖြစ် မြင်ကြပါတယ်
ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စွာ တည်ဆောက်ရေးလို့ ဆိုရမယ့် “Build Back Better for the World” လို့ အမည်ပေးထားတဲ့ ဒီအစီအစဉ်ကို ဗြိတိန်နိုင်ငံ၊ Cornwall မြို့မှာ ဒီကနေ့ကျင်းပတဲ့ G-7 ထိပ်သီးအစည်းအဝေးအတွင်း ကြေညာမှာပါ။
ဒီအစီအစဉ်ဟာ အရည်အသွေးမြင့်မားပြီး ပွင့်လင်းမြင်သာမှု ရှိပြီးတော့ ရေရှည်ခိုင်မာ တဲ့ အစီအစဉ်ဖြစ်မယ်လို့ အမေရိကန်အစိုးရအဖွဲ့ အကြီးတန်း တာဝန်ရှိသူတဦးက ပြောပါတယ်
ကျနော်တို့ရဲ့ ဘုံတူညီတဲ့ စံတန်ဖိုးတွေကို ထင်ဟပ်တဲ့ ဒီအစီအစဉ်ကို ယုံကြည်မှုအပြည့်နဲ့ အဆင့်မြင့်တဲ့ ရွေးချယ်စရာတခုအဖြစ် ကမ်းလှမ်း ခြင်းအားဖြင့် BRI ကို ယှဉ်ပြိုင်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ် ဆိုပြီးနောက် အကြီးတန်းတာဝန်ရှိသူတဦးကလည်းပြောပါတယ်
BRI စီမံကိန်းဟာ နိုင်ငံပေါင်း ၇၀ နီးပါးက အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ၂၀၁၃ ခုနှစ်မှာ တရုတ်အစိုးရက ချမှတ်ထားတဲ့ မဟာဗျူဟာစီမံကိန်းပါ။ ဒီစီမံကိန်းဟာတရုတ်အစိုးရရဲ့နိုင်ငံခြားရေးမူဝါဒမှာ အဓိကအစိတ်အပိုင်းတခု ဖြစ်ပါတယ်

အမေရိကန်က အခုကြေညာမယ့် စီမံကိန်းကို အတိုကောက်အားဖြင့် “B3W” လို့ခေါ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လိုအပ်နေတဲ့ အခြေခံအ ဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘဏ္ဍာငွေကြေးအတွက် ဒေါ်လာထရီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရေး ပုဂ္ဂလိကကဏ္ဍကို စုစည်းဖို့ရည်ရွယ်တာပါ။
တချိန်တည်းမှာပဲ အလုပ်သမားရေးရာ၊ သဘာဝပတ်ဝန်းကျင်ရေးရာနဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တွေနဲ့ ပြည့်မီဖို့လည်း ရည်ရွယ်ထားပါတယ်။
ဒီစီမံကိန်းကို စတင်အကောင်အထည်ဖော်မယ့်အချိန်၊ စီမံကိန်းကို ဖွဲ့စည်းတည်ဆောက်ပုံ၊ ဘဏ္ဍာငွေကြေး အတိုင်းအတာ ပမာဏနဲ့ အမေရိကန်က ရန်ပုံငွေ ဘယ်လောက်ထည့်ဝင်မယ်ဆိုတဲ့ အချက်တွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး
crd