လူထုစိန်၀င်းပိတောက်ပွင့်သစ်က ဆရာပါရဂူအဖုံးနဲ့ ထုတ်မှာမို့ စာမူပေးပါလို့ တောင်းလာတော့ ဘာရေးရမလဲလို့ စဉ်းစားရင်း၊ စဉ်းစားရင်းနဲ့ ဆရာပါရဂူနဲ့ နောက်ဆုံးတွေ့ခဲ့ကြရတာကို ပြန်ပြီး မြင်ယောင်လာမိတယ်။ လေးငါးခြောက် နှစ်လောက် ရှိပြီ ထင်ပါတယ်။ ဘိလပ်က မြန်မာစာဆရာမကြီး အင်နာအဲလော့ (ဒေါ်ခင်ခင်ချော) ရောက်လာလို့ နှုတ်ဆက်ကြတဲ့ ပွဲမှာ ဆုံရတာ ဖြစ်တယ်။ပထမဆုံးနှုတ်ဆက်သူဒီလိုပွဲမျိုးကို ဒီလိုနေရာမျိုးကို ဘယ်တော့မှ သွားလေ့မရှိပါဘူး။ အဲဒီပွဲကတော့ မသွားရင် မဖြစ်လို့ သွားခဲ့တာပါ။
ဒေါ်ခင်ခင်ချောဆိုတာကမိတ်ဟောင်းဆွေဟောင်း ဖြစ်ရုံသာမဟုတ်သေးဘူး။ သမီးဖြစ်သူအောက်စဖို့မှာကျောင်းသွားတက်စဉ်က အုပ်ထိန်း သူအဖြစ် တာ၀န်ယူ စောင့်ရှောက်ပေးခဲ့တာလေ။ အဲဒါကြောင့်ရောက်သွားတာ ဖြစ်တယ်။ ရောက်ရောက်ချင်း ပထမဆုံး တွေ့ဆုံနှုတ်ဆက်ရတာက ဆရာပါရဂူ ပါ။ နှုတ်ဆက် စကားဆိုပြီးတာနဲ့ ဆရာကစားပွဲထိုးကို ခေါ်ပြီး ထိုင်ခုံတခုယူလာပေးပါလို့ ပြောလိုက်ပါတယ်။ လူကြီးတယောက်က ခုလို ဂရုစိုက်တာ ခံရတော့ အားတုံ့အားနာဖြစ်မိတယ်။
လူအားလုံး မိုးတိုးမတ်တတ် နေကြရတဲ့ မြက်ခင်းပြင်ပွဲ ဖြစ်တာကြောင့် ယူလာပေးတဲ့ ခုံမှာ မထိုင်ဘဲ လက်ထောက်ပြီး မှေးပဲ ရပ်နေလိုက်ပါတယ်။ မလှမ်းမကမ်းမှာတော့ ဆရာဒဂုန်တာရာကို မောင်ပေါက်စည်၊ မောင်မိုးသူတို့နဲ့စကားလက်ဆုံကျနေတာ လှမ်းမြင်လိုက်ရပါတယ်။ သမီးက သူ့အုပ်ထိန်းသူ ဒေါ်ခင်ခင်ချောနားသွားပြီး အဖော်လုပ်ပေးနေတာကြောင့် ဆရာနဲ့နှစ်ယောက်သား စကားလက်ဆုံကျနေကြပါတယ်။
စာပေသစ္စာရှိသူ”အေးဗျာ၊ ခင်ဗျားတယောက် ကျွန်တော့အပေါ် ခုလို အမြင်မစောင်းသေးတာသိရလို့ ၀မ်းသာရတယ်ဗျာ”ဆရာကအနားမှာ လူရှင်းသွားခိုက် ရုတ်တရက် ပြောလိုက်တာပါ။ အဲဒီအချိန်က ဆရာ့အပေါ် လူတချို့ကအမြင်မကြည်မလင်ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။ ဘာမှတော့ မဟုတ်ပါဘူး။ အဲဒီအချိန်က ဆရာ့ဘေးမှ ၀န်းရံနေသူတချို့ကို ကြည့်ပြီး ဆရာ့ကိုအထင်လွဲနေကြတာပါ။
အဲဒီအချိန်မှာ ကျွန်တော်က ဆရာ့စာပေ ကျေးဇူးကြီးမားတဲ့အကြောင်း ဆောင်းပါးတပုဒ်မှာထည့်ရေးလိုက်တာကြောင့်ဆရာကအဲဒါကို ရည်ညွှန်း ပြောလိုက်ပုံ ရပါတယ်။ ဆရာ့အပေါ် အမြင်မကြည်လင် ဖြစ်နေသူများကိုလည်းမဖြစ်သင့်ကြောင်း ကျွန်တော်ကပြောခဲ့ဖူးပါတယ်။
ဆရာပါရဂူဟာ ဘယ်ခေတ်ဘယ်အခါကမှ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ဖီလာဆန့်ကျင် ပြုဖူးသူ မဟုတ်ရုံ သာမက၊သူ့ကိုယ်ကျိုးစီးပွါးအတွက် သူ့ကလောင်ကို ခုတုံးလုပ်ခဲ့သူလည်း မဟုတ်ပါဘူး။ စာပေအပေါ်မှာ အင်မတန် သစ္စာရှိတဲ့ စာရေးဆရာတယောက် ဖြစ်ပါတယ်။ကြားဖူးခဲ့တဲ့စကားအိမ်ပြန်ရောက်တော့ ဆရာပါရဂူပြောလိုက်တဲ့ “ကျွန်တော့်အပေါ် အမြင်မစောင်းသေးတာ သိရလို့ ၀မ်းသာရတယ်ဗျာ” ဆိုတဲ့စကားကို စဉ်းစားနေမိတယ်။ ဒီစကားမျိုး အရင်က ကြားဖူးသလိုပဲလို့လဲ စိတ်ထဲမှာ ထင်မိတယ်။
ဒါပေမယ့် ၀ိုးတဝါးပဲ။ ခေါင်းထဲမှာ ဘာမှ ပေါ်မလာဘူး။ ညတညလုံး စဉ်းစားလည်း ပေါ်မလာပါဘူး။ အတော်နဲ့ကို အိပ်လို့ မရဘူး။ ပေါ်လာချင်တော့လည်း မနက်အိပ်ရာက အနိုးမှာ ဖျတ်ကနဲ ခေါင်းထဲမှာ ပေါ်လာတယ်။ ကိုကိုးကျွန်းက ပြန်ရောက်လာခါစမှာ ကြားခဲ့ရတာပဲ။ ပြောခဲ့သူက ဆရာမြသန်းတင့်ပဲ။ ကိုကိုးကျွန်းက ပြန်လာတော့ ဆရာမြသန်းတင့်ရဲ့ “ဓါးတောင်” ၀တၳုဂယက်တွေ တော်တော်အရှိန်ပြင်းပြင်း ထ နေတာ တွေ့ရတယ်။ ပါးစပ်နဲ့ ငြင်းခုန်တာတွေ နေရာတိုင်းမှာ ကြားနေရသလို၊ စာမျက်နှာတွေ ပေါ်မှာလည်း ပြင်းပြင်းထန်ထန် ရေးသူတွေက ရေးနေကြတယ်။
တချို့ကတော့ သီးခြားစာအုပ်တွေတောင် ရေးထုတ်ပြီး ေ၀ဖန်ကြတယ်။ “ဘဲအုပ်ကတရာနှစ်ရာ ဗေဒါကတပင်ထဲ” ဆိုသလို ဖြစ်နေပုံရတယ်။ဓါးတောင်ကို ေ၀ဖန်သူတွေအိမ်ပြန်ရောက်ရောက်ချင်း လာပြီး နှုတ်ဆက်ကြသူတွေက “ဓါးတောင်” ကို ရှုတ်ချေ၀ဖန်နေကြတဲ့ လူငယ်တွေ ဖြစ်တယ်။ သူတို့ထဲမှာ ကျွန်းပြန်တချို့လည်း ပါတာတွေ့ရတယ်။ သူတို့အမြင်၊ သူတို့သဘောထား တွေကို အကျယ်တ၀င့် ရှင်းလင်း ပြောကြားကြသလို သူတို့ ထုတ်ခဲ့တဲ့ စာအုပ်နဲ့ တခြားစာတမ်းတွေလည်း ပေးခဲ့ကြတယ်။ ဆရာမြသန်းတင့် ရောက်လာနှုတ်ဆက်တော့ အထဲကအကြောင်း၊ ကျန်းမာရေးအကြောင်း ဆိုတာတွေပဲ ပြောပါတယ်။
ထွေထွေထူးထူး ဘာမှ မပြောဖြစ်ကြပါဘူး။ ဆရာဗန်းမော်တင်အောင်တို့ လေထီးဗိုလ်အုန်းမောင်နဲ့ ဆရာရာဂျန်တို့ လာကြတော့လည်း ကျန်းမာရေးနဲ့ ဆေးဝါးကုသဖို့ အကြောင်းတွေပဲ ပြောကြပါတယ်။ လူကြီးတွေဆိုတော့ ရင့်ကျက်တည်ငြိမ်သလို အလိုက်သိမှုလည်း သိသာထင်ရှားတယ်လို့ စိတ်ထဲမှာ မှတ်သားထား လိုက်မိပါတယ်။ရေးသူကို တိုက်ခိုက်တာများများအပြင်ရောက်ပြီး ဆယ့်လေးငါးရက်လောက် ရှိတော့ အခြေအနေ အရပ်ရပ်ကို တော်တော်လေး သိပြီးပါပြီ။ ရှေ့ကစောပြီး လွတ်ထွက်သွားသူတွေနဲ့လည်း အားလုံးလောက်နီးပါး တွေ့ပြီးပါပြီ။ “ဓါးတောင်ဂယက်ကို လည်း တော်တော်သိပြီးပါပြီ”။
“ဓါးတောင်” ဂယက်ကတော့ အရှိန်ရှိန်ပြင်းပြင်းနဲ့ ဆက်ပြီး ရိုက်ခတ်နေဆဲ ဖြစ်ပါတယ်။ အားလုံးခြုံငုံပြီး သုံးသပ်ကြည့်တော့ ဓါးတောင် တိုက်ခိုက်မှု မှားတယ်လို့ မြင်ပါတယ်။ မြင်တဲ့အတိုင်း လည်း ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ အဲဒီအချိန်မှာ ဆရာမြသန်းတင့်ရောက်လာပြီး “အေးဗျာ၊ ကျွန်တော့်အပေါ် အမြင်မစောင်းတာ ခင်ဗျားတယောက်ပဲ ရှိတော့တယ်။ ၀မ်းသာတယ်၊ ကျေးဇူးတင်တယ်ဗျာ” လို့ ပြောခဲ့တာ ဖြစ်တယ်။ တကယ်က ဓားတောင်မှာ ေ၀ဖန်သူတွေ ထောက်သလို ပြောစရာ အကွက်တွေ ရှိနေတာ မှန်ပါတယ်။ ဒါပေမယ်လို့ ေ၀ဖန်သူတွေက ဓားတောင်ကို ေ၀ဖန်တာက နည်းနည်း ဓားတောင်ရေးသူကို တိုက်ခိုက်တာက များများ ဖြစ်နေပါတယ်။
အဲဒီအချက်ကို သဘောမတူနိုင်တာ ဖြစ်ပါတယ်။စာရေးဆရာအတွက် စံနှစ်ခုဆရာမြသန်းတင့်ဆိုတာက ဒီလိုတိုက်ခိုက်ရမယ့်သူမှ မဟုတ်ပဲ။ အယူအဆ မတူတာတွေ ဘယ်လောက် ပဲ ရှိနေဦးတော့ သူ့စာပေဘ၀တလျှောက်လုံးမှာ သူတကိုယ် ကောင်းစားရေးအတွက် တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာဖောက်တဲ့အလုပ်မျိုး ဘယ်တုန်းက လုပ်ခဲ့ဖူးလို့လဲ။ သူ့ကလောင်ကို ဘယ်သူ့အတွက် အသုံးချခဲ့တာလဲ။ စာရေးဆရာတယောက်ကို ဒီစံနှစ်ခုနဲ့ပဲ တိုင်းတာ အကဲဖြတ်ရမှာ မဟုတ်လား။
ဆရာပါရဂူနဲ့ ပတ်သက်ပြီး အမြင်ရှင်းခဲ့တာလဲ ဒါကြောင့်ပဲ ဖြစ်ပါတယ်။ ဆရာလည်း ဒီစံနှစ်ချက်နဲ့ ညီညွတ်သူပဲ ဖြစ်ပါတယ်။ အမြင်မကြည်မလင် ဖြစ်ခဲ့သူတွေက ဆရာ့အပေါ်မှာ သိပ်ပြီး မျှော်လင့်ချက်ထားလွန်းလို့ ဒီလိုအခြေထိ ရောက်သွားခဲ့ရတာပါ။ လူတယောက်မှာ သူ့ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်အမြင်နဲ့ သူ့နေရာကို သူရွေးချယ်ထား ကြတာ ဖြစ်တယ်။ ဆရာဒဂုန်တာရာက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာမျိုးတွေရေး၊ နိုင်ငံရေးသမားတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းနေပေမယ့် သူဟာ ဘယ်တော့မှ နိုင်ငံရေး မလုပ်ဘူး။ သူဟာ စာရေးဆရာတယောက်သာ ဖြစ်တယ်လို့ အမြဲတမ်း ပြောခဲ့တယ်။
ဒါ သူ့ခံယူချက်။ သူရွေးချယ်ထားတဲ့ နေရာ။ ဒါကို အသိအမှတ်ပြု လေးစားရမှာပေါ့။ ဘာကြောင့် နိုင်ငံရေးမလုပ်သလဲဆိုပြီး အပြစ်တင်လို့ ဘယ်ရမှာလဲ။ ဆရာပါရဂူလည်း အလားတူပဲ။ တသက်လုံး စာရေးဆရာ လုပ်လာခဲ့သူ တယောက်ပဲလေ။ သူ့ကို စာရေးဆရာတယောက်အဖြစ်နဲ့ပဲ လက်ခံရမှာပေါ့။နေရာဆိုတာ စာဖတ်သူက သတ်မှတ်တာစာရေးဆရာတိုင်းကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းလိုဖြစ်ဖို့ မျှော်လင့်လို့ မရပါဘူး။ တောင်းဆိုမှုလည်း ပြုသင့်တဲ့ အရာမျိုး မဟုတ်ပါဘူး။
ဆရာကြီးလို မဖြစ်တဲ့အတွက်ဆိုပြီး ဘယ်အပြစ်တင်လို့ ဖြစ်မှာလဲ။ ဆရာကြီးလို ပုဂ္ဂိုလ်မျိုးက တခေတ်မှာ တယောက်သာ ပေါ်ထွန်းတတ်တာ ဖြစ်တယ်။ ဆရာကြီးလို မဖြစ်တာနဲ့ အလကားပဲလို့ မပြောသင့်ပါဘူး။ ဆရာကြီးလို အိမ်ဦးခန်းမှာထား ကိုးကွယ်လို့ မရပေမယ့် ဧည့်ခန်းမှာတော့ တင့်တယ်နိုင်သူ တွေ အများကြီး ရှိမှာပါ။ စာရေးဆရာဆိုတာနဲ့ အားလုံးအတူတူပဲလို့ သတ်မှတ်လို့ မရပါဘူး။ အိမ်ဦးခန်းနဲ့ လိုက်ဖက်သူ ရှိသလို ဧည့်ခန်းမှာပဲ ထားသင့်သူလည်း ရှိပါတယ်။
ဒါတင်မက ဖိနပ်ချွတ်မှာ ထားသင့်သူတွေလည်း ရှိနေမှာပဲဖြစ်တယ်။ ဘယ်သူ့ကို ဘယ်နေရာက နေရာပေးထားမလဲ ဆိုတာက လူတဦးချင်းစီရဲ့ ကိုယ်ပိုင် ရွေးချယ်မှု ဖြစ်ပါတယ်။ စာရေးဆရာတွေ ရေးခဲ့တဲ့ စာတွေကို ကြည့်ပြီး စာဖတ်ပရိသတ်က ရွေးချယ်သတ်မှတ် တာ ဖြစ်တယ်။ ကိုယ့်ဟာကိုယ် ခပ်တည်တည်နဲ့ နေရာတက်ယူလို့ မရပါဘူး။ တဦးတယောက်က အမွေပေးသလို လွှဲပေးလို့လဲ မရပါဘူး။ ကိုယ့်လူကိုယ့်အုပ်စုက တင်လျှောက်ပေးလို့လည်း မရပါဘူး။
သူတို့အတွက်နေရာစာရေးဆရာတယောက်အတွက်နေရာကို သူရေးခဲ့တဲ့ စာတွေကြည့်ပြီး စာဖတ်ပရိသတ်က သတ်မှတ် ပေးတာလို့ ဆိုခဲ့တဲ့အတိုင်း ဆရာဗန်းမော်တင်အောင်၊ ဆရာဒဂုန်တာရာ၊ ဆရာမြသန်းတင့်၊ ဆရာပါရဂူတို့ အတွက်လည်း “မြန်မာစာပေဧည့်ခန်းဆောင်” မှာ တခမ်းတနား နေရာချထားပေးပြီးသား ဖြစ်ပါတယ်။
မှိုင်းလုံးကော်ဇောကြီးတွေ ကတ္တီပါမှီအုံးကြီးတွေနဲ့ တခမ်းတနားပါ။ ဘာကြောင့်လဲဆိုတော့ ဒီဆရာကြီးတွေ အားလုံးဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် ဘယ်တုန်းကမှ သစ္စာမဖာက်ခဲ့ကြဘဲ သူတို့ရဲ့ ကလောင်ကို ပြည်သူလူထုဘက်က ရပ်တဲ့ ကလောင်အဖြစ်သာ တသက်လုံး အသုံချခဲ့ကြလို ဖြစ်ပါတယ်။
လူထုစိန်၀င်း(ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၂၇၊ အောက်တိုဘာ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။)
Copied from Maya Onlinemagazine Blogspot. Thanks to the site.
စလေ ငနော့