မြတ်စွာဘုရားစွယ်တော်အစစ်က စစ်ကိုင်းကောင်းမှုတော်စေတီမှာဋ္ဌာပနာထားတယ်


မြတ်စွာဘုရားစွယ်တော်အစစ်က စစ်ကိုင်းကောင်းမှုတော်စေတီမှာဋ္ဌာပနာထားတယ်

၅-၆-၁၉၅၃ နေ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် တပည့် သခင်ချစ်မောင်တို့ပီကင်းနေပြည်တော်၌ နံနက်စာစားပြီး မြန်မာသံရုံးသို့မသွားမီဆရာကြီးသည် ပုတီးစိပ်နေရင်းက တစ်စုံတစ်ရာကိုတွေးမိသည်နှင့် သခင်ချစ်မောင်ကိုလှမ်း၍စကားဆိုပါသည်။

” ဟေ့…..နေပါဦးကွမင်းတို့ကောင် မောင်နုပင့်လာတယ်ဆိုတဲ့ သီဟိုဠ်ကစွယ်တော်ဆိုတာ မင်းတို့ဘယ်လိုထင်သလဲ””မပြောတတ်ဘူး ဆရာကြီးရယ်။ ကိုယ်ယုံကြည်ရာ ယုံကြည်ရာပေါ့။

ကျွန်တော့်ယုံကြည်ချက်တော့ ရွှေတွေ ငွေတွေ ကျောက်သံပတ္တမြားစတဲ့ အဖိုးတန်ပစ္စည်းတွေကို စေတနာအလျှောက်လှူလိုလျှင် စိတ်သာရှင်စော ဘုရားဟောဆိုတဲ့အတိုင်း ကိုယ့်နိုင်ငံကဘုရားကြီး ပုထိုးကြီးတွေမှာပဲလှူစေချင်တာပါပဲ။

ကျွန်တော်လည်းရှိရင်အဲဒီလိုပဲလှူချင်တယ်။” မဟုတ်ဘူးကွ။ မင်းတို့မပြောတတ်ဘူး။မသိဘူးမလုပ်နဲ့။ ဒါဟာအရေးကြီးတယ်။ တကယ့်စွယ်တော်စစ်ဟာ တို့ဗမာပြည်မှာပဲရှိတယ်ကွ။ရာဇဝင် အထင်အရှားကြီးကွ။

ဘုရင့်နောင်ခေတ်မှာ သီဟိုဠ်ဘုရင်က စစ်ကူတောင်းလို့ စစ်သားလက်ရွေးစင် ထိပ်ထိပ်ကြဲ ၂၃၀၀ ကိုလွှတ်ပြီးကူတိုက်ပေးခဲ့တယ်ကွ။ အဲဒါသီဟုဠ်ဘုရင်ကကျေးဇူးကြီးလွန်းလို့ ကျေးဇူးဆပ်တဲ့အနေနဲ့စွယ်တော် သပိတ်တော်နဲ့ သမီးတော်ရတနာကိုပို့လွှတ်ဆက်သတယ်။

ဘုရင့်နောင်မင်းတရားကြီးကလည်း နန်းတော်ဦးမှာ စွယ်တော်စင်ဆောက်ပြီး ကိုးကွယ်တယ်။ အဲဒါကစပြီး စွယ်တော်စင်ဆိုတာ ပေါ်တာပဲကွ။ ဒီနောက်ငါးဆူ ဒါယကာမင်းလက်ထက်ရောက်။ ဒီနောက်အနောက်ဖက်လွန်မင်းတရားလက်ထက်ရောက်။

ဒီနောက် သာလွန်မင်းတရားလက်ထက်ရောက်မှ တောင်ဖီလာဆရာတော်ကြီးရဲ့ မိန့်ကြားချက်အရ စစ်ကိုင်းကောင်းမှုတော်ကြီးတည်ပြီးဌာပနာလိုက်တာပဲကွ။

ဒါကြောင့် ဘုရားစွယ်တော်အစစ်ဟာ ကောင်းမှုတော်ကြီးထဲမှာကိန်းဝပ်နေတယ်။ အဲဒါသိကြဖို့လိုတယ်။ဆရာတောင်သူရိယတိုက်မှာလုပ်တုန်းကစွယ်တော်စစ်တမ်းဆိုတာရေးဖူးသေးတယ်။အဲဒါ မောင်နုကို လူကြုံရင်ပြောလိုက်စမ်းပါကွာ။

ကောင်းမှုတော်ထဲမှာ ရှိတယ်လို့…..

(သခင်ချစ်မောင်ရေး..ကမ္ဘာလှည့်သခင်ကိုယ်တော်မှိုင်းစာအုပ်။ စာမျက်နှာ-၁၈၁) မှ ကူးယူဖော်ပြပါသည်။

သန်းဝင်းသူ/ 1.12.2013

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.