မွန်ရာဇဝင်တွေထဲမှာ ထင်ရှားခဲ့တဲ့ မဂဒူး(ခေါ်) ဝါရီရူမင်း(မိုးပေါ်ကကျလာသောမင်း)အကြောင်း

မွန်ရာဇဝင်တွေထဲမှာ ထင်ရှားခဲ့တဲ့ မဂဒူး(ခေါ်) ဝါရီရူမင်း(မိုးပေါ်ကကျလာသောမင်း)အကြောင်း

 

 

 

ယခု သထုံနယ်ရှိ ဒုန်ဝန်းကို ရှေးက တကော့ဝန်း ခေါ်သည်။ ထို တကော့ဝန်း အရပ်သား မွန်လူမျိုး မဂဒူး ဆိုသူသည် ယိုးဒယား ၊ ဇင်းမယ် ဘက်ရှိ သောက္ကတဲ (စုက္ကတေး) သို့ ငယ်သား သုံးကျိပ်နှင့် ကုန်ကူးရန် သွားလေ့ရှိ၏။ တစ်ခါသော် ထိုသို့သွားစဉ် လမ်း၌ မိမိ၏ အဖော်တစ်ယောက် မကျန်းမမာသဖြင့် ထိုသူ၏ ဝန်ကို မဂဒူး ကိုယ်တိုင် ထမ်းဆောင်ခဲ့ရာ ထမ်းပိုးကို မိုးကြိုးပစ်လေ၏။ ထိုမိုးကြိုးပစ်သော လျှပ်စစ်တွင် ရွှေပြသာဒ်သဏ္ဌာန် တစ်ခုကို မဂဒူး ထင်ထင်ရှားရှား မြင်လိုက်ရလေ၏။ နိမိတ်ကောင်းလှသည်ဟု ထိုအရပ်ရှိ ပညာရှိကြီး တစ်ဦးထံတွင် မေးမြန်းရာ ” သင်၏ နိမိတ်ကြီးလှသည် ၊ သင်၏ အရပ်နှင့်အမျှ ငွေပုံ၍ ပူဇော်မှ ဟောမည် ” ဟုဆို၏။ ဉာဏ်ကြီးသော မဂဒူးကလည်း ဝါးကို ကိုယ်နှင့်အမျှ ဖြတ်၍ထောင်လျက် ငွေတစ်ကျပ် တင်ကာ ဆိုတိုင်း ပူဇော်ပါပြီဟု ဆိုလေ၏။ပညာရှိကြီးကလည်း” သင်သည် ဘုန်းလည်းရှိ၏ ၊ ပညာလည်း ရှိ၏ ၊ ယနေ့ကစ၍ ကုန်မသွယ်နှင့်တော့ ၊ မင်းထံတွင် ခစားလေ ၊ သည်နှစ်တွင် မင်းဖြစ်လိမ့်မည် ” ဟု ဟောလေ၏။ မဂဒူးလည်း ဝမ်းမြောက်စွာဖြင့် ပညာရှိကြီးကို ဦးခိုက်၍ သွားလေ၏။သောက္ကတဲသို့ ရောက်သော် မင်းထံ၌ ခစားရန် အဝတ်အစား မပြည့်စုံသဖြင့် ဆင်ကဲထံ၌ ခစားလေ၏။ ထကြွသော လုံ့လဝီရိယဖြင့် နေ့ညဉ့်အတူ ဆင်စာ ကျွေးခြင်း ၊ ဆင်ချေး အမှိုက်များကို သုတ်သင်ရှင်းလင်းခြင်း စသည်တို့ကို ကောင်းစွာပြုစုပေ၏။ ဆင်ကဲလည်း အလွန် နှစ်သက်လေ၏။တစ်နေ့၌ မင်းသည် ဆင်ကြည့်လာသောအခါ သန့်ပြန့်ကျစ်လျစ်စွာ တွေ့၍ မေးတော်မူလျှင် ဝန်မြို့မှ မွန်ကလေးတစ်ယောက် လုံ့လဝီရိယနှင့် သွက်လက်ဖျတ်လတ်ကြောင်း ၊ ထိုသူငယ် သုတ်သင်ထားကြောင်း စသည်ဖြင့် ဆင်ကဲက လျှောက်ပေ၏။ မင်းသည်လည်း ခေါ်၍ ကြည့်ရှု ၊ ချစ်ခင်ခြင်း ရှိလေ၏။နောက်တစ်ကြိမ် လာပြန်သောအခါ မင်းကြီးငုံသော ကွမ်းဖတ်ကို ထုတ်၍ ခံတွင်းဆေးတော်မူရာ ကြွေငယ်တစ်လုံးရုတ်တရက် ပေါ်လာလေသဖြင့် မဂဒူးကို ခေါ်၍ ညွှန်ပြတော်မူလျှင် မဂဒူးလည်း ဦးခိုက်ကာ ကောက်ယူတော်မူလေ၏။မင်းပြန်သော် မဂဒူးသည် ဤကြွေငယ်ကို ခေါ်၍ ပေးတော်မူသည်မှာ ငါ၏ လုပ်ရည်ကြံရည်ကို စုံစမ်းလို၍ ဖြစ်တန်ရာသည်ဟု ကြံတွေးပြီးလျှင် ဈေးသို့သွား၍ ထိုကြွေနှင့် ဟင်းနုနယ်စေ့များကို ဝယ်၏။

 

 

 

ဈေးသည်မကလည်း ပြက်ရယ်ပြုလျက် ” ကြွေငယ်တစ်လုံးအတွက် ငါ မည်မျှဟူ၍ မပေးတတ် ၊ လက်ညှိုးတစ်ချောင်းတွင် တင်သ၍ မင်းယူတော့ ” ဟုဆို၏။ မဂဒူးလည်း ဉာဏ်ရှိသူဖြစ်၍ လက်ညှိုးတစ်ချောင်းလုံးကို ခံတွင်းသို့ သွင်း၍ စွတ်စိုစေပြီးမှ ဟင်းနုနယ်စေ့ပုံတွင် ထိုးယူရာ အများပင် ရလေ၏။ဈေးသည်မကလည်း ဉာဏ်ကြီးပေသည်ဟု ချီးမွမ်းလိုက်၏။ဟင်းနုနယ်စေ့ကို ဆင်ချေးနှင့် ရောနှော ၊ ရေကောင်းစွာလောင်း၍ စိုက်သဖြင့် ထွားကျိုင်းသော အပင်တို့ ပေါက်ကုန်၏။နောက်တစ်ကြိမ် မင်း ဆင်ကြည့် လာသောအခါ အပင်ကောင်းကို နုတ်၍ဆက်၏။ မေးတော်မူသော် အလုံးစုံ ပြန်လျှောက်၏။ မင်းကြီး သဘောကျ၍ ဆင်ကဲထံမှ တောင်းယူခေါ်ခဲ့လျက် ထို ဟင်းနုနယ်တို့ကို ကိုယ်တိုင်ချက်၍ ဆက်စေ၏။အလွန်အရသာ ရှိသဖြင့် ထိုနေ့မှစ၍ စားတော်ဘက်ဆိုင်ရာ၌ အကြီးအမှူး ခန့်လေ၏။ နေ့ညဉ့်မပြတ် လုံ့လဖြင့် ဆော်ဖန်ကြည့်ရှု အလုပ်ကောင်းသဖြင့် မကြာမီ ဝင်းမှူးအရာကို ရလေ၏။ ထိုဝင်းမှူးအဖြစ်၌ အစီအမံ အဆောင်အရွက် အရည် တူလှသောကြောင့် ‘ စောဍိဍံရည် ‘ ဟူသော အမည်ကို ပေးတော်မူ၏။ (စောလီလပ်ရှဲဟုလည်း ရှိသည်)။တစ်ခါသော် ကျေးစွန်ရွာနား၌ မငြိမ်သက်၍ မင်းကြီး ချီတော်မူရာ မဂဒူးကို မြို့စောင့်ထားခဲ့၏။ အတွင်းမှု ၊ အပြင်မှုတို့ကို ကြည့်ရှုရ၍ အတွင်းတော်သို့ ဝင်ရဖန်များသော် သောက္ကတဲ မင်းသမီး မေနှင်းသွယ်တာနှင့် ချစ်ကျွမ်းဝင်လေ၏။ မကြာမီ မင်းကြီး ကြားသိသော် မဂဒူးသည် မင်းသမီးကို ခိုးယူ၍ မိမိနေရပ် တကော့ဝန်းသို့ ပြေးခဲ့လေ၏။တကော့ဝန်းသို့ ရောက်သော် မင်းပြုနေ၏။ မြန်မာမင်း (တရုတ်ပြေးမင်း)၏ လက်အောက်ခံ မုတ္တမကို စားရသော အလိမ္မာအမတ်နှင့် မိတ်ဖွဲ့ရသော် အရှည်အကျိုးရှိမည်ကို မြင်၍ မဂဒူးသည် မိမိ၏ နှမ နှင်းဥရိုင် ကိုပေး၍ မိတ်ဖွဲ့လေ၏။ထိုလက်ထပ်ပွဲတွင် အလိမ္မာအမတ်က အကောက်ကြံ၍ အစားအသောက်တို့တွင် အဆိပ်ခတ်ထားသည်ကို မဂဒူး သိသောအခါ အလိမ္မာအမတ်ကို လုပ်ကြံ၍ မုတ္တမကို ယူလေသတည်း။ဤသို့လျှင် သက္ကရာဇ် ၆၄၃ ခုတွင် မုတ္တမကို ရ၍ နောင်အခါ၌ အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို မင်းပြုရလေသည်။ ဤမင်းမှာ ‘ ဝါရီရူ ‘ ဟူသောဘွဲ့ကို ခံသည်။ ‘ မိုးကောင်ကင်မှ ကျသည့်မင်း ‘ ဟူလိုသည်။ဤမင်းသည် (ဓမ္မသတ် )တစ်ခုပြုရာ ယခုတိုင်( ဝါရီရူဓမ္မသတ် )တွင်လေသည်။

 

Credit

 

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.