ဇွဲကပင်မြေမှ ကျောက်မောင်နှမ သမိုင်း (သို့) ကရင် မောင်နှမ နှစ်ဦး၏ သမိုင်းပုံပြင် (ဖြစ်ရပ်မှန်)

ဇွဲကပင်မြေမှ ကျောက်မောင်နှမ သမိုင်း (သို့) ကရင် မောင်နှမ နှစ်ဦး၏ သမိုင်းပုံပြင် (ဖြစ်ရပ်မှန်)

 

 

ဇွဲကပင်မြေမှ ကျောက်မောင်နှမ သမိုင်း (သို့) ကရင် မောင်နှမ နှစ်ဦး၏ သမိုင်းပုံပြင် (ဖြစ်ရပ်မှန်)

တစ်ခါက ကရင်ရွာလေးတစ်ရွာမှ ကရင်အမျိုးသားကြီး စဝ်ဖါ့သန့်(သိုင့်) နှင့် ဇနီးဖြစ်သူ

နန်ဖေါ့ယာ့်တို့တွင် စံစေ့ဖိုးနှင့် နန်မူးဖါန်ဟုခေါ်သော သားသမီး နှစ်ဦး ရှိလေသည်။

အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်းခဲ့သမျှ

သားကလေး ရှင်သာမဏေ လောင်းဖြစ်ဖို့ အလှူကြီးလုပ်ရန် တောင်ယာထဲတွင်

အလုပ်ကြိုးစားနေရင်း ဖခင်ဖြစ်သူ စဝ်ဖါ့သန့်(သိုင့်) မှာ ကျားကိုက်ရင်း တောင်ယာထဲတွင် ဆုံးရှာလေသည်။

 

ဖခင်ကြီး ဆုံးပါးသွားသည့်နောက်ပိုင်းတွင် မုဆိုးမ နန်းဖေါ့ယာ့တို့ သားအမိကို ဘဝဆိုးမှ လွတ်မြောက် စေလိုပါသည်၊

မိမိဘဝကို သနားကရုဏာ သက်လှပါသည်။ ကလေးတွေကိုလည်း ရင်သွေး အရင်အချာ များနှယ် စာနာညှာတာစွာဖြင့်

ချစ်ခင်ပါသည်ဆိုသော တစ်ရွာတည်း မုဆိုးဖိုဖြစ်သူ စောဖါ့ပျုဂ်နှင့် နောက်အိမ်ထောင် ပြုလိုက်သည်။

ထိုအခါ အပြစ်မဲ့သော စံစေ့ဖိုးနှင့် နန်းမူးဖါန်တို့ လူမမယ် မောင်နှမနှစ်ယောက်၏

ဖြူစင်သော နှလုံးသားလေးတွေမှာ စိုးရိမ်ထိတ်လန့်ခြင်း၊ ပူပင်သောက ဝေဒနာအရောင်တို့ လွှမ်းမိုးလာခဲ့သည်။

ငြိမ်သက်ခဲ့သော အိမ်ကလေးမှာ နေ့တိုင်းလိုလို ဆဲဆိုသံ၊ ငေါက်ငန်း မာန်မဲသံဖြင့် ဆူညံလာတော့သည်။

ပထွေး၏ ဒေါသနှင့် ယုတ်မာသော၊ ရင့်သီးသော ဆဲဆိုကြိမ်းမောင်းသံများ အောက်မှာ

မောင်နှမ နှစ်ယောက် မျက်ရည်ပေါက်ပေါက် ကျခဲ့ရရှာသည်။

နောက်ဆုံးတွင် နန်းဖေါ့ယာ့ခမျာ ဥမမယ် အရွယ်မရောက် သားသမီးနှစ်ယောက်ကို

တောအုံချောက်ကြား နွားကျောင်းတဖုံ စပါးထောင်းတစ်လှည့် မခိုင်းရက် ခိုင်းရက်ဖြင့် ခိုင်းခဲ့ရှာရလေတော့သည်။

တစ်နေ့တွင် ပထွေးဖြစ်သူမှ မောင်နှမနှစ်ဦးအား ယာခင်းသို့ခေါ်ကာ

ယာခင်းသွားရာလမ်းတွင် မြင့်မားမတ်စောက် သော တောင်ကမ်းပါးကြီးပေါ်မှ

တွန်းချကာ တစ်ဦးတည်း အိမ်ပြန်လာခဲ့လေသည်။

 

 

 

မောင်နှမနှစ်ဦးမှာ တောင်ပေါ်မှ အကျတွင် ဇွဲကပင်ဘုရားကို အာရုံပြုကာ ကယ်တင်ဖို့ ဆုတောင်းမိလိုက်ကြသည်။

ကမ်းပါးအောက် ဝါးရုံပေါ်တင်နေလို့ အသက် ချမ်းသာရာ ရခဲ့ကြပါသည်။

ညဉ့်နက်သည်အထိ ဘုရားကို ကြည်ညိုရင်း အရုဏ်ကျင်းလုကာမှ

မိခင်ထံပြန်လာကာ အကျိုးအကြောင်း ပြောပြလေသည်။

ကလေးနှစ်ယောက်ကို ကျစ်နေအောင် ဖက်ထားရင်း နန်းဖေါ့ယာ့ မချိတင်ကဲ ခံစားရတော့သည်။

သို့သော် ကလေးနှစ်ယောက်ကို အိမ်မှာ ပြန်လည်၍ ခေါ်ထားဖို့တော့ လုံးဝမဖြစ်နိုင်တဲ့ အခါ

ရင်သွေးနှစ်ယောက် အသက်မသေ လုံခြုံအောင် မိမိနှင့်လည်း အလှမ်းမဝေးရအောင်

ဇွဲကပင်တောင်ပေါ်က တောအုပ်အငူ လိုဏ်ဂူထဲတွင် ထားခဲ့လေသည်။

 

မောင်နှမနှစ်ယောက် အမေထားခဲ့သော တောအုပ်အငူ လိုဏ်ဂူထဲကလည်း ဝေးဝေးလံလံကို မသွားဝံ့။

ကြည့်လေရာရာ တောအုပ်ကြီးက ပိန်းပိတ်ညိုမှောင်နေသည်။

တစ်ခါမှ မရောက်ဖူးသည့်နေရာ၊ လူသူကင်းဝေး၍ သားရဲတိရစ္ဆာန်တို့

အသံများကိုသာ ကြားရသည့် နေရာမှာ မိခင်က လာပို့ထားခဲ့သည်။

ပထွေးရန်ကို ကြောက်လွန်းလို့သာ နေခဲ့ရပေမယ့် အမေ့ကို မခွဲချင်ကြ၊

လွမ်းပေမယ့်လည်း လမ်းကမသိ၊ တောတိရစ္ဆာန်တို့ ရန်ကရှိသေးသည်။

 

အနီးအပါးက ရသမျှ တောသီးနှံလေးများကို ခူးဆွတ် စားသောက်ရင်း ဥတုရာသီနှင့် တောဒဏ်ကို ကြံ့ကြံ့ခံနေကြရရှာသည်။

နှမငယ်ကလေးက ဘာမျှမသိရှာသေးတော့ အစ်ကိုဖြစ်သူမှာ ဂရုစိုက်ရသည်။

မျက်စိအောက်က အပျောက်မခံရဲ၊ အဖေကိုတမ်းတ၊ အမေ့ကို လွမ်းရသော ဝေဒနာတို့ကို

ကြိတ်မှတ်ခံစားရင်း ဒုက္ခမုန်တိုင်းဒဏ်ကို အလူးအလဲ အံတုနေကြရှာသည်။

ရံဖန်ရံခါတွင် ဇွဲကပင်တောင်သို့ ဘုရားဖူး လာကြသူများ ရောက်လာကြပါ၏။

၎င်းတို့ပေးသွားသော စားရေရိက္ခာ မစို့မပို့လေးနှင့် မျှတစားရသည့်အခါလည်း ရှိသည်။

 

ငယ်ရွယ်သူ နှမလေးကို ငဲ့ညှာရလွန်းတော့ အစ်ကို လုပ်သူမှာ ဝလင်သည်ဟုပင် မရှိခဲ့ပေ။

တစ်နေ့သော နံနက်တွင် ချမ်းအေးလှသော ရာသီဥတုကို မီးပုံဖိုပြီး

မောင်နှမနှစ်ယောက် အံတုရင်ဆိုင်နေကြစဉ် ခံ့ညားသော ရသေ့အိုကြီးတစ်ပါး သူတို့မောင်နှမနှစ်ယောက်ထံ ရောက်လာသည်။

ရသေ့ကြီးမှ ငယ်ရွယ်လှသော သနားဖွယ် မောင်နှမနှစ်ဦးအား

ရွှေရောင်ဝင်းနေသည့် ဆေးလုံး သုံးလုံးပေးကာ မီးဖိုအတွင်းသို့ ဆင်းခိုင်းသည်။

 

ခုန်ဆင်း လိုက်သောအခါ ငယ်ရွယ်နုပျိုသော လုလင်ပျိုနှင့် လုံမပျိုလေး နှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေသည်။

မောင်နှမနှစ်ဦးမှ ရသေ့ကြီးပေးခဲ့သော သုံးမကုန်နိုင်တဲ့

အစွမ်းတွေ၊ ဣဒ္ဓိပါဒ်တန်ခိုးတွေ ရကြပြီး ရသေ့ကြီးအား ပေးခဲ့သော ကတိစကားအတိုင်း..

“သာသနာတော်အတွက် လုံ့လဝီရိယ စိုက်ကြပေတော့၊ သာသနာတော်ကို ကြည်ညိုသူတွေ၊ ဟောဒီ ဇွဲကပင်တောင်ကို

ဘုရားဖူး လာကြသူတွေ မှန်သမျှ စီးပွားရေး လာဘ်လာဘ တိုးအောင်၊ ကျန်းမာရွှင် လန်းအောင်

မင်းတို့မောင်နှမ စောင့်ရှောက် ရစ်ကြပေတော့” ဟူသော အမှာစကားအတိုင်း

သစ္စာပြုကာ ဇွဲကပင်တောင်တော်နှင့် ဆံတော်ရှင်မြတ်အား စောင့်ရှောက် နေခဲ့ပါသည်။

ဇွဲကပင်တောင်ခြေမှ လွမ်းဆွတ်ကြေကွဲဖွယ်ရာ၊ ဂရုဏာသက်ဖွယ် ဓါတ်နန်းရှင်မောင်နှမ ဓာတ်နန်းရှင် စခန်းမှာ

လွန်ခဲ့သောနှစ်ပေါင်း(၅၀)ခန့်က နောင်းအိမ်ဆိုင် ဆရာတော် ဦးကေတု ဦးဆောင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

 

 

 

ဇွဲကပင် ဆရာတော် ဦးကဝိဓဇက ဘုရားဖူးများ အပန်းအဖြစခန်းလည်းဖြစ်၊

သတိရ အောက်မေ့ရာလည်းဖြစ်အောင် ထပ်မံမွမ်းမံခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။

 

 

CREDIT

 

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.