“ကယ်ချင်တိုင်း ကယ်မရဘူး”
အခါတပါး ဝေဘူဆရာတော်ဘုရားကြီးသည်ရွှေဘိုမြို့ မီးကြီးလောင်မည်ကို ကြိုတင်၍မြင်တော်မူလေသည်။
သိမြင်တော်မူသည့်အတိုင်း မြို့သူမြို့သားတို့အားရေတွင်းရေကန်များကိုလည်း အပူတပြင်း တူးဖော်စေလေသည်။ သို့သော်ရေတွင်း ရေကန်များမှာ ကျန်တဝက်မျှသာ တူးဖော်ပြီးစီး၍ ကျန်တဝက်မှာ ပြီးစီးအောင်မတူးဖော်နိုင်ခဲ့ပေ။
၁၃၁၂- ခု၊ နှစ်ဆန်းတစ်ရက်နေ့ (၁၉၅၁-ခု၊ ဧပြီလ ၁၇ ရက်) နေ့တွင် ရွှေဘိုမြို့တွင် မီးအကြီးအကျယ်လောင်လေသည်။ ထိုအခါကျမှ ရေတွင်းရေကန်တူးဖော်စေမှုကို မြို့သူမြို့သားများ သိရှိရလေတော့၏။ထိုလောင်ကျွမ်းသော မီးကြီးတွင် ရေတွင်းရေကန်တူးဖော်ထားသော မြို့တစ်ခြမ်းမှာ သက်သာရာရရှိ၍ကျန်တစ်ခြမ်းမှာ မီးဘေးသင့်ခြင်းကို အကြီးအကျယ်ခံစားခဲ့ကြရလေသည်။
ထိုအကြောင်းနှင့် ပတ်သက်၍ ဆရာတော်ဘုရားကြီးက “သတ္တဝါတွေဟာ ကယ်တိုင်းမရဘူးဗျ၊ သူတို့ကိုယ်တိုင် ကံကောင်းအောင် မထူနိုင်ကြတော့ တဝက်လောက်ပဲကူပေးလို့ ရတယ်” ဟု မိန့်တော်မူလေသည်။ထိုစဉ်က မီးလောင်ထားသော ဒဏ်ရာဒဏ်ချက်ကြောင့် မြို့သူမြို့သားများမှာ လွန်စွာဒုက္ခရောက်ကြရလေသည်။သင့်လျော်သော သစ်ပင်အောက်တွင်လည်းကောင်း၊အချို့ တဲကလေးများ ထိုး၍လည်းကောင်း၊ဆင်းရဲပင်ပန်းစွာ နေထိုင်ကြရလေ၏။
ထိုအချိန်တွင် ဝေဘူဆရာတော်ဘုရားကြီးကမိမိ၏ တူအရင်းလည်းဖြစ်၍ မိမိ၏ကိစ္စမှန်သမျှဝေယျာဝစ္စလုပ်ကိုင်ပေးနေသော အတွင်းရေးမှူး ဦးပဥ္စင်းကို “မိမိတို့ ရဟန်းသံဃာများ မြို့တွင်းသို့ ဆွမ်းခံကြွတော်မူမည်” ဟု မိန့်တော်မူလေရာ, ထိုအခါ တူဦးပဥ္စင်းက”ဆရာတော်ဘုရား…
လူတွေမှာ မီးလောင်ခံထားရသဖြင့် စားစရာမရှိ၊ နေစရာမရှိ၊ သစ်ပင်များအောက်တွင်ဖြစ်သလို နေထိုင်ကြရပါတယ်ဘုရား၊ဤသို့ ဆင်းရဲဒုက္ခရောက်ရသည့်အထဲ ဆရာတော်ဘုရားက ဆွမ်းခံကြွတော်မူမည်ဆိုလျှင်အလွန်အားနာစရာကောင်းပါသည်ဘုရား၊ ကြွတော်မမူပါနှင့် ဘုရား” ဟုလျှောက်ထားလေသည်။
(ဦးပဥ္စင်း၏အမြင်သည် လောကီအမြင်ဖြစ်)ထိုအခါ ဝေဘူဆရာတော်ဘုရားကြီးကဤသို့ ပြန်မိန့်တော်မူလေသည်။”သင်ပြောတာလည်း မှန်ပါသည်။သို့သော် ငါသည် ဆွမ်းအလိုရှိ၍ ဆွမ်းခံခြင်း မဟုတ်ပါ။ငါနှင့်တကွ ရဟန်း သံဃာတော်များ မြို့ထဲသို့ကြွလာသောအခါ မီးလောင်ခံရသော ဒုက္ခသည်များသည် ဘာတခုမှ လှူဒါန်းစရာမရှိသော်လည်း သံဃာတော်များကို ရှိခိုးကြမည်၊ဖူးမျှော်ကြမည်။
ဤကဲ့သို့သော ကုသိုလ်အကျိုးတရားများကြောင့်သူတို့ မီးလောင်၍ ခံစားနေကြရသော ဆင်းရဲဒုက္ခအပေါင်းတို့ အမြန်ဆုံးလွတ်ကင်း၍ ချမ်းသာသုခ ရကြလိမ့်မည်။လောကီရော၊ လောကုတ္တရာအတွက်ပါ အကျိုးပေးလိမ့်မည်။ဤသို့ ရည်စူး၍ ငါ ဆွမ်းခံကြွတော်မူခြင်း ဖြစ်သည်” ဟုမိန့်တော်မူလေသည်။
သာဓု သာဓု သာဓု
(ဤ ဝေဘူဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်သည် လွန်စွာပင် မှတ်သားထိုက်သော မိန့်ကြားချက်ပင်
ဖြစ်လေတော့သတည်း။)
“ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး”
Ashin Zutimanta