တောင် နဲ့ မြောက်ကိုရီးယားဟူ၍ နှစ်ပိုင်းကွဲခဲ့သောအကြောင်းရင်း နှင့် ကိုရီးယားစစ်ပွဲ

ကိုရီးယားကျွန်းဆွယ် အခုလို နှစ်ပိုင်းကွဲသွားရခြင်းမှာ ဒုတိယကမ္ဘာစစ်မတိုင်မီ ကိုရီးယားကို ကိုလိုနီနယ်အဖြစ်အုပ်စိုးခဲ့သည့်ဂျပန်တို့က ၁၉၄၅ ခုနှစ်တွင်စစ်ရှုံးခဲ့ရသည့်ပယောဂကြောင့်ဆိုလျှင်မှားမည်မထင်ပါ။

၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ လောက်ကယော်လတာမြို့၌ ကျင်းပခဲ့သောမဟာမိတ်နိုင်ငံကြီးများ၏ ညီလာခံတွင်ကိုရီးယားအရေး၌ စစ်ဆင်မှုလွယ်ကူစေရန် မြောက်လတ္တီတွဒ်မျဉ်းကြောင်း ၃၈ ဒီဂရီ၏မြောက်ဘက်ပိုင်းကိုဆိုဗီယက်တပ်များကသိမ်းယူရန်နှင့် တောင်ဘက်ပိုင်းကို အမေရိကန်တပ်များကသိမ်းယူရန် သဘောတူညီခဲ့ကြသည်။

ဤအစီအစဉ်မှာ သေနင်္ဂဗျူဟာနည်းအရ စစ်ဆင်မှုလွယ်ကူစေရန် အကြမ်းဖျင်းပြဋ္ဌာန်းခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ် ပြီးဆုံးသောအခါ မဟာမိတ်နိုင်ငံကြီးများ၏ အမြင်တိုမှုကြောင့်ထိုနယ်နမိတ်အတိုင်းပင် ကိုရီးယားနိုင်ငံသည် မြောက်ပိုင်း၊ တောင်ပိုင်း ကွဲပြားလျက် ယနေ့တိုင် တည်ရှိနေရသည်။

၁၉၄၅ ခုနှစ် ဒီဇင်ဘာလအတွင်းမော်စကိုမြို့၌ ကျင်းပခဲ့သော နိုင်ငံရေးဝန်ကြီးများ အစည်းအဝေးက ကိုရီးယားတောင်ပိုင်းနှင့် မြောက်ပိုင်းကို တစည်းတလုံးတည်း ပူးပေါင်းစေ၍ နိုင်ငံကြီး ၄ နိုင်ငံက ၅ နှစ်ခန့်ထိန်းသိမ်းထားရန်ဆုံးဖြတ်ခဲ့ကြသည်။

သို့ရာတွင် ဆိုဗီယက်နှင့် အမေရိကန်တို့ အယူအဆချင်း မတူညီမှုကြောင့် ထိုစီမံချက်ပျက်သုဉ်းခဲ့သည်။ သို့ဖြင့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလတွင်မာရှယ် ကင်အီဆွန်း ကြီးမှူးသောမြောက်ကိုရီးယား အစိုးရက ‘ကိုရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ’ဟု တည်ထောင်လိုက်၍ ဩဂုတ်လတွင် ဒေါက်တာဆင်မန်ရီးကြီးမှူးသော တောင်ကိုရီးယားအစိုးရက ‘ကိုရီးယား သမ္မတနိုင်ငံ’ဟု ကြေညာလိုက်သည်။

သူတို့ရေးဆွဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၂ ခုစလုံး၌ ‘ကိုရီးယား သမ္မတနိုင်ငံ’ ဆိုသည်မှာတောင်ပိုင်းရောမြောက်ပိုင်းပါ ပါဝင်သည့် ကိုရီးယားတစ်နိုင်ငံလုံးကို ဆိုလိုကြောင်းဖော်ပြထားသည်။

မြောက်ကိုရီးယား အစိုးရအား ဆိုဗီယက်နှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ (တရုတ်နီ) တို့ကအသိအမှတ်ပြုပြီးပြည်ထောင်ချင်း စီးပွားရေးစာချုပ်များ အသီးသီး ချုပ်ဆိုကြသည်။

မြောက်ပိုင်းတွင်ဆိုဗီယက်စီးပွားရေး စီမံကိန်းအရမြေယာစနစ်ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်သည့်အပြင်စက်မှုလက်မှုလုပ်ငန်းများကို တည်ဆောက်ကြသည်။

တောင်ကိုရီးယား အစိုးရကိုမူ အမေရိကန်၊ အင်္ဂလန်နှင့် ချန်ကေရှိတ်ဦးဆောင်သောတရုတ်အမျိုးသားအစိုးရ (တရုတ်သမ္မတနိုင်ငံ) (တရုတ်ဖြူ) တို့ကအသိအမှတ်ပြု၍ အီး၊ စီ၊ အေစီမံကိန်းအရ အမေရိကန်၏အကူအညီဖြင့်စက်မှုလက်မှုလုပ်ငန်းများကို ပြန်လည်ထူထောင်ပေးကြသည်။

ဤသို့ဖြင့် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့မှာ အပြိုင်အဆိုင်ဖြစ်နေကြလျက် နယ်ခြားဒေသဖြစ်သောလတ္တီတွဒ် ၃၈ ဒီဂရီ မျဉ်းပြိုင်အနီးတွင် ရံဖန်ရံခါအချင်းပွားကြလေသည်။

၁၉၅၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့ နံနက်အစောပိုင်းတွင် မြောက်ကိုရီးယားတပ်များသည် ၃၈ ဒီဂရီ မျဉ်းပြိုင်ကို ဖြတ်ကျော်လျက် ကိုရီးယားတောင်ပိုင်းအားစတင်တိုက်ခိုက်ရာ ဇွန်လ ၂၈ ရက်နေ့တွင်ကိုရီးယားတောင်ပိုင်းမြို့တော်ဖြစ်သော ဆိုးလ်မြို့ကျဆုံး၍ ပြင်းထန်သော တိုက်ပွဲကြီးများ ဆက်လက် ဖြစ်ပွားသည်။

ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် ကျင်းပသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီကကိုရီးယားမြောက်ပိုင်းအား ကျူးကျော်သူအဖြစ် ကြေညာပြီးနောက် တိုက်ခိုက်မှု အမြန်ဆုံးရပ်စဲရန်၊ မြောက်ပိုင်းစစ်တပ်များ ၃၈ ဒီဂရီ မျဉ်းပြိုင်သို့ ဆုတ်ခွာသွားရန်၊ ဤဆုံးဖြတ်ချက်များ အောင်မြင်သည်အထိ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကစွမ်းအားရှိသမျှ ကူညီကြရန်ဆုံးဖြတ်လိုက်သည်။

ထိုသို့ ဆုံးဖြတ်ချက် ချမှတ်သည့်အတိုင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဝင်ရောက် ကူညီတိုက်ခိုက်ပေးသဖြင့် နောက်ဆုံးတွင် ဤစစ်ပွဲကြီးမှာ မြောက်ကိုရီးယားတပ်များနှင့် ကုလသမဂ္ဂတပ်များတိုက်ခိုက်သောစစ်ပွဲအသွင်သို့ပြောင်းလဲလာခဲ့သည်။ မြောက်ကိုရီးယားတို့ဘက်မှလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံကအပျော်တမ်းတပ်များဖြင့် ကူညီခဲ့သည်။

အိန္ဒိယနှင့် အာရပ်အုပ်စု နိုင်ငံများက ဤစစ်ပွဲကို အနုနည်းဖြင့် အေးငြိမ်းစေရန်အတန်တန်ကြိုးစားခဲ့ရာကုလသမဂ္ဂဘက်မှ ဗိုလ်ချုပ်ကြီးဟယ်ရီဆန် ခေါင်းဆောင်သောအဖွဲ့နှင့် မြောက်ကိုရီးယားဗိုလ်ချုပ်နမ်အီခေါင်းဆောင်သော ကိုယ်စားလှယ်များသည် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးကြသည်။

နောက်ဆုံးတွင် နှစ်ဦးနှစ်ဘက် သဘောတူညီချက်များ ရရှိသဖြင့် ၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပန်မန်ဂျုံစခန်း၌ စစ်ရပ်စဲကြောင်း သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။ ထိုစာချုပ်တွင် ခေါင်းဆောင်ဆွေးနွေးသော နှစ်ဦးနှစ်ဘက် ကိုယ်စားလှယ်များအပြင် မြောက်ကိုရီးယား စစ်သေနာပတိချုပ်နှင့် ဝန်ကြီးချုပ် မာရှယ် ကင်အီဆွန်း၊ တရုတ်အနီ အပျော်တမ်းတပ် သေနာပတိ ဗိုလ်ချုပ်မှူး ဝိန်တေဟွေးနှင့် ကုလသမဂ္ဂ စစ်သေနာပတိချုပ် ဗိုလ်ချုပ်မှူး မတ်ကလပ်တို့လည်း လက်မှတ်ရေးထိုးကြသည်။

ဤကိုရီးယားစစ်ပွဲမှာ ၃ နှစ်နှင့် ၁ လ ကျော်မျှ တိုက်ခိုက်ခဲ့သဖြင့် အိမ်ခြေ တိုက်တာ အဆောက်အအုံများ၊ စက်မှုလက်မှု လုပ်ငန်းကြီးများ ပျက်စီးဆုံးရှုံးကြသည်။

နှစ်ဦးနှစ်ဘက် ထိခိုက်ကျဆုံးခဲ့သူနှင့် သုံ့ပန်းအဖြစ် အဖမ်းခံရသူပေါင်း ၂၃ သိန်းကျော်မျှ ရှိသည်။ စစ်ပြေငြိမ်းရေး စာချုပ်အရ နှစ်ဦးနှစ်ဘက် စစ်တပ်များသည် စစ်ကြောင်းတလျှောက် မိမိတို့ ရောက်ရှိနေရာမှ နောက်သို့ ၂ ကီလိုမီတာ (၁ မိုင် ၂ ဖာလုံခန့်) ပြန်၍ ဆုတ်ခွာကြရသည်။

စစ်ပြီးနောက် တောင်ကိုရီးယား၏ စီးပွားရေး ဆိုးဆိုးရွားရွား ထိခိုက်ဆုံးရှုံးခဲ့သည်။ ထိုစဉ်က သမ္မတ လီဆင်မန်၏ အာဏာရှင် အုပ်ချုပ်ရေးစနစ် အောက်တွင် ကိုရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းရေးကိုသာ ရှေ့ရှုကာ အခွင့်သာသည်နှင့် တပြိုင်နက် မြောက်ကိုရီးယားနှင့် စစ်ခင်းရန်သာ ကြံစည်နေခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးရေးကို အလေးမထားခဲ့ပေ။

၁၉၆၀ ခုနှစ် မတ်လ ၁၅ ရက်နေ့ သမ္မတရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလိုတွင် အဓိက အတိုက်အခံ သမ္မတလောင်း ချိုဗြုံအုခ် သေဆုံးခဲ့သည့် အဖြစ်အပျက်ကြောင့် လီဆင်မန် ရာထူးမှ ဆင်းပေးခဲ့ရသော်လည်း အခြေအနေ ပျော့ပြောင်းမလာခဲ့ပေ။

ဒီနောက် နောက်အာဏာရှင် တစ်ဦးဖြစ်သည့် ပတ်ကျုံဟီ ရာထူးတက်လာပြီးနောက် ၎င်း၏ လက်ထက်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်အီလ်ဆုန်အား လုပ်ကြံရန် ကြံစီခဲ့သဖြင့် နှစ်ဖက် ဆက်ဆံရေးမှာ ခေါင်းဆောင် အပြောင်းအလဲကြောင့် ကောင်းမွန်လာခြင်း မရှိခဲ့ပါ။ နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှု ရှိခဲ့သော်လည်း နှစ်ဖက် နိုင်ငံရေးစနစ်နှင့် ဝါဒရေးရာ သဘောထား ကွာဟချက် ကြီးမားသောကြောင့် လက်တွေ့ တိုးတက်မှုမရှိခဲ့ပါ။

၁၉၉၄ ခုနှစ်တွင် တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့၌ ကိုရီးယားစစ်ပွဲ အထိမ်းအမှတ်ပြတိုက်ကို ဖွင့်လှစ်ခဲ့သည်။ ယင်းပြတိုက်တွင် ကိုရီးယားစစ်ပွဲ အပါအဝင် ကိုရီးယားတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများ၏ သမိုင်းမှတ်တမ်းများကို ပြသထားသည်။

၂၀၀၉ ခုနှစ် ကိုရီးယားစစ်ပွဲ အထိမ်းအမှတ်နေ့တွင် ကုလသမဂ္ဂနှင့် ကိုရီးယားစစ်ပွဲတွင် တောင်ကိုရီးယားဘက်မှ ကူတိုက်ခဲ့သည့် နိုင်ငံများ (တရုတ်သမ္မတနိုင်ငံ အပါအဝင်) အား ကျေးဇူးတင်သည့်အနေဖြင့် ယင်းနိုင်ငံများ၏ အလံများကို ဆိုးလ်မြို့ကို ဖြတ်သန်းစီးဆင်းသည့် ချုံဂယ်မြစ်ဘေး ရင်ပြင်တွင် လွှင့်တင်ခဲ့သည်။

မြန်မာ့စွယ်စုံကျမ်း

Myanmar Wikipedia

Credit : thutazone

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.