ကမ္ဘာပေါ်မှာ လူသားတွေ နေထိုင်နေတဲ့ မြို့၊ရွာတွေ ထဲမှာ အအေးဆုံး ရွာဟာ အွိုင်မြခုံ (Oymyakon) ရွာကလေး ဖြစ်ပါတယ်။ အွိုင်မြခုံ ဟာ ရုရှားနိုင်ငံ၊ ဆခါရီပတ်ဘလစ်၊ အွိုင်မြခုံစကီ ခရိုင်က အစွန်အဖျား တစ်နေရာမှာ ရှိပါတယ်။
၁၉၂၄ ခုနှစ်မှာ ရုရှား သိပ္ပံပညာရှင် တစ်ဦးက အွိုင်မြခုံ ကို စတင်တွေ့ရှိခဲ့ပြီး အပူချိန် အနုတ် ၇၁ ဒီဂရီစင်တီဂရိတ်ပဲရှိတဲ့ ဒီနေရာမှာ နေထိုင်ခဲ့ရာကနေ တဖြည်းဖြည်းနဲ့ ရွာကလေး တစ်ရွာ ဖြစ်လာတာပါ။

အာတိတ်ဒေသဆန်တဲ့ ရာသီဥတုကြောင့် အွိုင်မြခုံဟာ ကမ္ဘာ့မြောက်ဖက်ခြမ်းက လူနေထိုင်ရာ ဒေသထဲမှာအအေးဆုံးဖြစ်လာပါတယ်။ ၁၉၃၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အပူချိန် အနုတ် ၆၇ ဒသမ ၇ ဒီဂရီ စင်တီဂရိတ်နဲ့ ကမ္ဘာပေါ်မှာအအေးဆုံးလူနေထိုင်ရာ ဒေသအဖြစ်မှတ်တမ်းတင်ခံခဲ့ရတာပါ။ အွိုင်မြခုံထက်အေးတာဆိုလို့ အာတိတ်ဒေသပဲ ရှိပါတယ်။ အပူချိန်ကအနုတ် ၈၉ ဒသမ ၂ စင်တီဂရိတ်ပါ။
ဒီအပူချိန်တွေကို တိုင်းတာပေးနေတဲ့ မိုးလေဝါသဌာနက အမြင့်ပေ ၂၄၆၀ မှာရှိပြီး ပတ်ပတ်လည်က တောင်တန်း တွေက အမြင့် ၃၆၀၀ ပေ အနည်းဆုံး ရှိပါတယ်။ တောင်စဉ် တောင်တန်းတွေရဲ့ လျှိုမြောင်တွေမှာ လေအေးတွေ က တဟူးဟူး တိုက်ခတ်နေပါတယ်။ အမြင့်ပေ ၁၀၀၀ တက်သွားတိုင်း အပူချိန်က ၁၀ ဒီဂရီ လျော့သွားပါတယ်။

အွိုင်မြခုံရဲ့ပတ်ဝန်းကျင်မြေပြင်ဟာ အမြဲခဲနေပါတယ်။ ဒီဇင်ဘာလမှာ အနုတ် ၅၀ ဒီဂရီ ဖာရင်ဟိုက်ရှိပြီး သြဂုတ်လ မှာကျတော့ အပေါင်း ၅၀ ဒီဂရီဖာရင်ဟိုက်ရှိတာပါ။ ဆောင်းရာသီမှာ တစ်ရက်ကိုနေရောင်မြင်ရချိန် ၃ နာရီ လောက် ပဲရှိပြီး နွေအခါကျပြန်ရင်လည်း နေထွက်ချိန်ချဉ်း ၂၁ နာရီရှိပြန်ပါတယ်။
အွိုင်မြခုံ ဟာ အနီးဆုံးမြို့ Yakutsk ကို ကားနဲ့သွားရင်တောင် ၃ ရက်ကြာအောင် ခေါင်တဲ့ရွာကလေးပါ။ ဝေးလံ သီခေါင်လွန်းတာရော၊ ကမ္ဘာ့အအေးဆုံးနေရာဖြစ်တာရောကြောင့် အွိုင်မြခုံကို တော်ရုံတန်ရုံ ဧည့်သည်မလာနိုင်ပါ ဘူး။ ဒီတော့ အွိုင်မြခုံရွာသားတွေဟာ ဧည့်မျှော်ကြပါတယ်။

ဟိုတယ်မရှိတဲ့ဒီရွာကလေးမှာ ဧည့်သည်လာလိုက် တယ်ဆိုရင်ပဲ နေရာထိုင်ခင်း၊ အိပ်စရာတွေကို ဝမ်းသာအဲလှယ် ပြင်ပေးကြပါတယ်။ ဧည့်သည်တိုင်းကို ‘အေးစက် သော ဝင်ရိုးစွန်းသို့ အလည်ရောက်အမှတ်တရ’ စာတမ်းတွေ ထုတ်ပေးကြပါတယ်။
အွိုင်မြခုံဟာတစ်နှစ်ပတ်လုံး နှင်းတွေ၊ရေခဲတွေနဲ့ ဖွေးဖွေးဆွတ်နေတယ်။ ဒီရွာလေးရဲ့ စီးပွားရေးကလည်း မိရိုးဖလာပါပဲ။ တိရိစ္ဆာန်သား မွေးတွေရောင်းဝယ်မယ်၊ ရေခဲငါးတွေရောင်းမယ်။ တစ်နှစ်ပတ်လုံးနှင်းတွေကျနေတော့ ရှုခင်းက အရမ်းလှပါတယ်။

အာတိတ်စက်ဝိုင်းဒေသမှာရှိနေတော့လည်း အွိုင်မြခုံဟာ ကမ္ဘာ့အလှဆုံး နေဝင်ချိန်ကို ပိုင်ဆိုင်ပါတယ်။ လာသမျှဧည့်သည်တွေဟာ ဓါတ်ပုံဆရာတွေဖြစ်နေတာ မဆန်းပါဘူး။

အွိုင်မြခုံဟာ ဖွံ့ဖြိုးတိုးတက်မှုနှုန်းလည်းနှေးပါတယ်။ ၂၀၀၈ ခုနှစ်မှာ အွိုင်မြခုံရဲ့တစ်ခုတည်းသောစာသင်ကျောင်း မှာ အခန်းတွင်းအိမ်သာ တပ်ဆင်ခဲ့ပါတယ်။ မိုဘိုင်းဖုန်းသုံးလို့မရပါဘူး။ ဒီလောက်အေးတဲ့နေရာမှာ မိုဘိုင်းဖုန်း တွေ အလုပ်မလုပ်နိုင်ပါဘူး။ လယ်လည်းစိုက်လို့မရ ပါဘူး။ တစ်ရွာလုံးက လိုအပ်တာဝယ်ဖို့ ကုန်စုံဆိုင်ကလည်း တစ်ဆိုင်ပဲရှိပါတယ်။
အပြင်ထွက်လို့မျက်မှန်တပ်မယ်ဆိုရင်တော့ တစ်ခါတည်း မျက်နှာမှာခဲပြီး ကပ်သွားပါလိမ့် မယ်။ ပြန်ခွာရင် အရေပြား ပါပါလာမှာမို့ အွိုင်မြခုံမှာ ဘယ်သူမှ နေကာမျက်မှန်မတပ်ပါဘူး။ ကျောင်းသားလေးတွေမှာလည်း ဘောပင်မှင်ခဲတာကို ကြုံရလေ့ရှိပြီး သက်ကြီးရွယ် အိုတွေ စာဖတ်ဖို့ စာဖတ်မျက် မှန် တပ်မရသလို ဘက်ထရီတွေဆိုရင်လည်း အေးလွန်းတဲ့အတွက် အလိုလိုအားကုန်သွား လေ့ရှိပါတယ်။

အသုဘရှိလို့ မြေကျင်းတူးရတော့မယ်ဆိုရင် ၃-ရက်လောက်ကြာပါတယ်။ မြေတူးနိုင်အောင်လို့ ရေခဲအရည်ပျော် အောင် မီးသွေးဖိုတွေ ဝိုင်းထားရပါတယ်။ အမြဲရေခဲနေတဲ့နေရာဖြစ်နေတော့ ဘာမှစိုက်ပျိုးလို့မရပါဘူး။ ဒီရွာကလူတွေက ရေခဲတောင်သမင်နဲ့ မြင်းသားကို ပဲ စားရတာပါ။ ဒါပေမယ့် အာဟာရချို့တဲ့မှုကိုတော့ ဘယ်တော့မှ မခံစားကြရပါဘူး။
သမင်နို့ကို သောက်ကြပြီး အဲဒီ သမင်နို့မှာ အာဟာရဓါတ် ပြည့်စုံစွာပါတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ကားစက်ကို တစ်နေကုန် နိုးထား ရပါတယ်။ စက်ရပ်သွားရင် ပြန်နိုးလို့မရတော့ပါဘူး။ ညကိုတော့စက်ရပ်ထားပြီး မနက်ခင်းဆိုရင်တော့ ကားစက်နိုး သံ တညံညံနဲ့ ရွာတစ်ခုလုံးသက်ဝင်လှုပ်ရှားလာပါတယ်။

အွိုင်မြခုံဟာရုရှားဘာသာစကားမှာမခဲသောရေလို့အဓိပ္ပါယ်ရပါတယ်။ ဒီရွာနားမှာ ရေပူ စမ်းတစ်ခုရှိပါတယ်။ အဲဒီရေပူစမ်းကိုအွိုင်မြခုံလို့ ခေါ်ရာကနေဒီရွာနာမည်ကလည်း အွိုင်မြခုံဖြစ်လာတာပါ။ လူဦးရေ ၄၇၂ ယောက်၊ ပင်လယ်ရေမျက်နှာပြင်အထက် ၇၅၀ မီတာရှိပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းကဒီနေရာမှာလေယာဉ်ကွင်းငယ်လေးတည်ဆောက်ထားခဲ့ပါတယ်။
၁၉၂၀ နဲ့ ၁၉၃၀ ကြားမှာ ရေခဲတောင်သမင်မွေးမြူရေးသမားတွေက အွိုင် မြခုံ ရေပူစမ်းမှာ တစ်ထောက်နားပြီး သမင်တွေကိုရေတိုက်ရင်း နားကြခဲ့ကြပါတယ်။

ဒီလောက်ခက်ခဲတဲ့နေရာမှာ လူလေး ၅၀၀ လောက်က သဘာဝကိုအံတုပြီးနေထိုင်နေကြတာ အံ့သြစရာပါ။ အဲဒီ တုန်းက ဆိုဗီယက် အစိုးရက ဒီလူတွေကို နေရာပြောင်းရွှေ့ပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဒီရွာသားတွေဟာနည်းပညာနဲ့ ယဉ်ကျေးမှုကိုကျောခိုင်းလို့ ဒီဝေးလံသီခေါင်ပြီးရေအမြဲခဲနေတဲ့ မိုဘိုင်းဖုန်းအဆက်အသွယ်တောင်မရှိတဲ့ရွာကလေးမှာပဲဆက်နေဖို့ရွေးချယ်ခဲ့ကြပါတယ်။
အွိုင်မြခုံမှာ အိမ်တိုင်းလိုလို မီးသွေးဖိုကို ၂၄ နာရီဖိုထားရပါတယ်။ အနွေးဓါတ်ရအောင်လို့ပါ။ လျှပ်စစ်မီးမရှိတဲ့ အတွက် ထင်းမီးလင်းဖို ကိုပဲ အသုံးပြုရပါတယ်။

အခုနောက်ပိုင်းမှာတော့ ကိုယ်ထူကိုယ်ထ မီးစက်နဲ့ ရွာကို အချိန်အကန့်အသတ်နဲ့ လျှပ်စစ်မီး ပေးပါတယ်။ ဒီရွာသားတွေဟာ ရာသီဥတု ဒဏ်ကို ကြံ့ကြံံ့ခံတဲ့နေရာမှာ ပြိုင်စံ ရှားပါတယ်။ အပူချိန် အနုတ် ၅၂ ဒီဂရီစင်တီဂရိတ်အောက်ရောက်မှ တစ်ခုတည်းသော ကျောင်းကို ပိတ်ကြတာပါ။

အခုနောက်ပိုင်းတော့ ဒီရွာကလေးမှာ အပိုဝင်ငွေရှိလာပါပြီ။ ကမ္ဘာလှည့်ခရီးသည်တွေပေါ့။ ကမ္ဘာ့အအေးဆုံးနေရာ မှာ တစ်ညလောက်တော့ လာနေကြည့်ကြပါတယ်။

အိမ်ထဲမှာအိမ်သာမရှိတဲ့အဖြစ်၊ သမင်သားပဲစားရတဲ့အဖြစ်၊ မီးသွေးမီးဖိုနဲ့အနွေးဓါတ်ယူပြီးထင်းမီးလင်းဖိုနဲ့နေရတဲ့အဖြစ်၊ ရေချိုးမယ်ဆို ရင်ရှေးရောမဇာတ်ကားတွေ ထဲကလိုမီးသွေးထဲဖုတ်ထားတဲ့ကျောက်ခဲတွေကိုရေစည်ပိုင်းထဲထည့်ပြီးရေနွေးအောင်လုပ်ပြီးချိုးရတဲ့အ ဖြစ်တွေကိုတအံ့ တသြခံစားကြရင်း မနက်နေထွက်ချိန်နဲ့ ညနေပိုင်းနေဝင်ချိန်တို့ရဲ့ အံ့သြဘနန်း လှပလှတဲ့ရှုမျှော်ခင်းတွေကိုကြည့်ရင်း တစ်ချိန်ကကမ္ဘာကမေ့လျော့နေခဲ့တဲ့ အွိုင်မြခုံဟာတဖြည်းဖြည်းနဲ့လူသိများလာပြီးသွားရောက်လည်ပတ်သူတွေနဲ့စည်ကားလာမယ့် အလားအလာကိုတွေ့နေရပါကြောင်းလေ့လာရေးသားတင်ပြလိုက်ရပါတယ်။
Written By သမန်းကျား