ဆရာကြီးရဲ့စာအုပ်တွေကို ကျွန်တော်များများစားစား မဖတ်ဖူးပါဘူး။ ငယ်ငယ်တုန်းက “သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည် ခိုင် ” ၊ “တပြည်သူ မရွှေထား” ဆိုတဲ့ ဝတ္ထုကြီးတွေကိုတော့ ကြားဖူးနားဝရှိခဲ့ပေမယ့် ဖတ်ဖို့လက်လှမ်းမမှီခဲ့ပါဘူး။
အသက်ကလေးနည်းနည်းရလာလို့ “စိမ်းနေဦးမည့် ကျွန်တော့်မြေ” ကိုဖတ်ဖူးသွားသော်လည်းပဲ အများပြောသလိုစာရေးကောင်းသူ စကားပြေအသုံးအနှုန်းနဲ့ ပတ်ဝန်းကျင် ဖွဲ့နွဲ့မှုပုံစံတွေကိုကွက်ကွက်ကွင်းကွင်း ဝေဝေဆာဆာ ဖော်ပြတတ်တဲ့ စာရေးဆရာတစ်ယောက်လို့ပဲသိခဲ့ပါတယ်။
ဒီတော့ ဒါဟာ စာဖတ်ညွှန်းမဟုတ်တဲ့ကျွန်တော်တစ်ယောက်တည်းရဲ့အမြင်သက်သက်သာဖြစ်တယ်။(အကယ်၍ ဝတ္ထုကြီးမှေးမှိန်သွားရင် အသုံးမကျတဲ့ ကျွန်တော့်ရဲ့ ရှုထောင့်သာ)ဒီဝတ္ထုကိုတော်တော်များများက ဖတ်ဖူးကြမယ်ထင်ပါတယ်။ မဖတ်ဖူးသေးရင်တောင် မကြားဖူးတဲ့သူတော့မရှိလောက်ပါဘူး။

ဇာတ်လမ်းက ရွာမွန်သာရွာ၊ သာစည်မြို့ အ.ထ.က၊ မင်းလှကန်နှင့်ခင်တန်းတို့ကိုအခြေခံကာသူငယ်ချင်း ၄ယောက်ဖြစ်တဲ့ နှင်းငွေ၊ဘခက်၊နုနုငယ်၊ညွှန့်မေတို့ရဲ့ ကျောင်းသားဘဝ၊ သူတို့ရဲ့ဘဝဇာတ်ကြောင်း၊ မေတ္တာစစ်မေတ္တာမှန်နဲ့ ခင်မင်လာကြရာကနေမထင်ထားဘဲ ကွဲပြားကြတော့ လွမ်းလွမ်းဆွတ်ဆွတ် ဆွေးရတဲ့ ရသကောင်းတစ်အုပ်ပါ။
နှင်းငွေက ရန်ကုန်တက္ကသိုလ်သို့ရောက်ပြီး၊ ညွှန့်မေက စာတော်လွန်းလို့ သူ့ဒေါ်လေးနှင့်ဆရာမရဲ့အကူအညီကြောင့် မန်းတက္ကသိုလ်ကိုရောက်ပါတယ်။ဘခက်က ရွာမွန်သာမှာ မျက်မမြင်မိခင်ကိုပြုစုရင်းကျန်ခဲ့ပါတယ်။(သူကတော့ ပေါတောတောဟာသလေးတွေပြောတတ်ပေမယ့် တစ်ခါတလေ ဒဿနဆန်တဲ့စကားလေးတွေသုံးတတ်ပါသေးတယ်။
ပြီးတော့ ထက်မြက်တဲ့အလှပိုင်ရှင်လေး ညွှန့်မေရဲ့အချစ်ကိုရသွားလို့ အလုပ်ကြိုးစားတဲ့ကောင်လေးပါ )နုနုငယ်တော့ သူ့အဖေက မျက်စိအောက်ကနေအပျောက်မခံဘူး။ တစ်နွေလုံး လှောင်အိမ်ထဲကငှက်ကလေးပမာ ခြံထဲကနေခြံအပြင်မထွက်ရဘူး။
နောက်ဆုံး သူတို့တွေပြန်ဆုံကြလား၊ ကွဲသွားကြလားဆိုတာကိုတော့…ဒီဝတ္ထုကဒီတစ်အုပ်မှာမဆုံးပါဘူး။ နုနုငယ်ကိုသေသွား တဲ့သဘောရေးခဲ့လို့ ဒီရောဂါဟာ သေရာပါရောဂါမဟုတ်ကြောင်း၊ ကုလို့ရနိုင်ကြောင်း ပေးမသေသင့်ဘူး၊ အဲ့ဒီရောဂါတကယ်ခံ
စားနေရတဲ့သူတွေ စိတ်ဓာတ်ကျစရာဖြစ်နိုင်တယ်လို့ စာဖတ်သူတစ်ချို့က သတင်းစာတစ်ခုကနေ ဝေဖန်ခဲ့ကြလို့ ပရိတ်သတ်အကြိုက် “ဝသာန်လေ ချိန်မှန်ကူး” ကိုပြန်ထုတ်ရတယ်လို့တော့ ကြားဖူးပါတယ်။
အဲ့ဒီအဆက်မှာတော့ Happy ending ပေါ့။ကျွန်တော့်အတွက်တော့ အဆက်မလိုတော့ဘူး။ ဒီလို ဆွေးဆွေးမြေ့မြေ့လေးနဲ့အဆုံးသတ်တာကိုပဲ မိုက်ပါတယ်။
နွေကန္တာဦး(တက္ကသိုလ်ဘုန်းနိုင်) PDF Download Here
Salai Moe Naing