ကမ္ဘာပေါ်မှာ ကြီးကျယ်ခမ်းနားတဲ့နန်းတော်ကြီးတွေအများကြီး ရှိတဲ့အနက်အကြီးဆုံးနန်းတော်အဆောက်အအုံအဖြစ် သတ်မှတ်ခံထား ရတာကတော့ ပါလီမန် နန်းတော် The Palace of the Parliament ဖြစ်ပါတယ်။ ဒီနန်းတော်ကတော့ ရိုမေးနီးယားနိုင်ငံ မြို့တော်ဘူ ခါရက်က Dealul Spirii တောင်ကုန်းပေါ်မှာ တည်ရှိပါတယ်။ ဒီနန်းတော်ကြီးဟာ အမြင့်ပေ ၂၇၆ပေ ရှိပြီး ဧရိယာအနေနဲ့ စတုရန်းပေ ၃,၉၃၀,၀၀၀ ရှိကာထုထည်အားဖြင့်တော့ ကုဗပေသန်း ၉၀ ခန့်အထိ ရှိနေတာပါ။
ဒီနန်းတော်အဆောက်အအုံကြီးကိုတော့ ရိုမေးနီးယန်းအမျိုးသမီး နိုင်ငံရေးသမားနဲ့ဗိသုကာပညာရှင် Anca Petrescu က ဦးဆောင်ပြီး အခြားဗိသုကာပညာရှင် ၇၀၀ခန့်နဲ့အတူပူးပေါင်း ဒီဇိုင်းဆွဲကာတည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။ဒီအဆောက်အအုံကြီးကို ၁၉၈၄ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာမှ ပြီးဆုံးခဲ့တာကြောင့်စုစုပေါင်းဆောက်လုပ်ချိန် ၁၃နှစ်ခန့်အထိကြာမြင့်ခဲ့တာဖြစ်ပါတယ်။

ဒီဇိုင်းအနေနဲ့ကတော့ ဆိုရှယ်လစ်ရီရယ်လစ် နဲ့ ခေတ်သစ်နီရိုကလပ်စစ်ကယ်ဗိသုကာလက်ရာစတိုင် တွေကို ပေါင်းစပ်တည်ဆောက် ထားတာဖြစ်ပါတယ်။ ဒီနန်းတော်ကြီးကို ရိုမေးနီးယားကွန်မြူနစ်ပါတီခေါင်းဆောင်ကြီး Nicolae Ceaușescu ရဲ့ ညွှန်ကြားချက်နဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီးသူဟာဆယ်စုနှစ် ၂ခုကျော်ကြာတိုင်းပြည်ရဲ့ခေါင်းဆောင်နေရာကို ရယူထားခဲ့သူလည်း ဖြစ်ပါတယ်။
ရည်ရွယ်သူကွန်မြူနစ်ခေါင်းဆောင်ကြီးကတော့ (၁၉၈၉)ခုနှစ်ရိုမေးနီးယားတော်လှန် ရေးကာလအတွင်းမှာပဲ ကွယ်လွန်သွားခဲ့တဲ့အတွက် နေထိုင်သွားနိုင်ခြင်း မရှိပါဘူး။

၁၉၈၄ ခုနှစ်မှာ ဒီနန်းတော် အဆောက်အအုံကို ဆောက်လုပ်မယ်လုပ်တော့ ဒီနေရာမှာ ခရစ်ယာန်ဘုန်းကြီးကျောင်းနဲ့ အခြားအဆောက် အအုံပေါင်းများစွာ ရှိနေခဲ့ပြီး ဒီအဆောက်အအုံတွေဟာ ဖြိုဖျက်ဖယ်ရှားခြင်းကို ခံခဲ့ရပါတယ်။
နယ်မြေရှင်းလင်းရေးအတွက် လူပေါင်း ၄သောင်းခန့်ပါဝင်ခဲ့ပေမယ့်အတင်းအကျပ်ခိုင်းစေခံခဲ့ရတာဖြစ်ပြီး လုပ်ခလည်းအနည်းငယ်သာ ရရှိခဲ့ကြပါတယ်။ တည်ဆောက်တဲ့ပရောဂျက်မှာလည်းလူဦးရေ ၁သိန်းကျော်ပါဝင်ခဲ့ပြီး ရိုမေးနီးယားတပ်မတော်ကစစ်သား ၅ထောင်ခန့် စောင့်ကြပ်ကာ ၃ဆိုင်းခွဲ တည်ဆောက်ခဲ့ရတာဖြစ်ပါတယ်။

မြေပေါ်အထပ်ပေါင်း ၁၂ထပ် ၊ အခန်းပေါင်း ၁၁၀၀ခန့်ပါဝင်ပေမယ့် တကယ်တမ်းတည်ဆောက်ပြီးစီးလို့ အသုံးပြုခဲ့တာကတော့ အခန်းပေါင်း ၄၀၀ ခန့်ပဲ ရှိပါတယ်။ ဒါအပြင် ဒီအဆောက်အဦးကြီးမှာ မြေအောက်အထပ် ၈ ထပ်လည်းပါဝင်နေပြီး အောက်အုံးအထပ်ဆိုရင် နျူကလီး ယားကိုတောင် ကာကွယ်နိုင်တဲ့ ဘန်ကာအဖြစ် တည်ဆောက်ထားခြင်းဖြစ်ပါသတဲ့။


ဘာလို့လဲဆိုတော့ ခေါင်းဆောင်ကြီးက နျူကလီးယားစစ်ပွဲဖြစ်ပွားမှာကိုစိုးရိမ်တဲ့အတွက်ထည့်သွင်းတည်ဆောက်စေခဲ့တာပါ။ ဒီအလွှာဟာ ၅ပေနီးပါး အုတ်အထူရှိတဲ့ နံရံတွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီးဓာတ်ရောင်ခြည်နဲ့တောင်ထွင်းဖောက်နိုင်ခြင်း မရှိပါဘူးတဲ့။ ဒီအလွှာမှာ အဓိကခန်းမကြီးတခုပါဝင်ပြီး ဒီနေရာမှာရိုမေးနီးယားစစ်တပ်တွေအားလုံးနဲ့ တယ်လီဖုန်းလိုင်းဆက်သွယ်ထားပါတယ်။
အဆောက်အအုံဆောက်လုပ်မှုမှာ ခရစ်စတယ်လို့ခေါ်တဲ့ ဖန်အလေးချိန်ပေါင်း ၃၅၀၀တန် ၊မီးဆိုင်းကြီးပေါင်း ၄၈၀ခု ၊ မျက်နှာကျက် နဲ့ မှန်ပေါင်း ၁၅၀၀ နီးပါးအပြင် စတီး နဲ့ကြေးနီတန်ချိန်ပေါင် ၇သိန်းလောက် ပါဝင်ခဲ့ပါတယ်။


ဒီနန်းတော်ကြီးကို၂၀၀၈ ခုနှစ်တုန်းက သတ်မှတ်ခဲ့တဲ့ တန်ဖိုးကတော့အမေရိကန်ဒေါ်လာ ၃.၄ဘီလျံ ဖြစ်ပါတယ်။အဆောက်အအုံကြီးဟာ ကြီးမားလေးလံလွန်းတဲ့အတွက် တနှစ်ကို ၆စင်တီမီတာလောက်မြေကြီးထဲကိုနစ်ဝင်နေပါသတဲ့။
ပါလီမန် နန်းတော်အဆောက်အအုံဟာ ယနေ့ချိန်မှာတော့ ရိုမေးနီးယားရဲ့လွှတ်တော်အဆောက်အအုံအဖြစ်ရှိနေပြီး ပြတိုက်များစွာ ပါဝင်နေပါတယ်။ ဒါပေမဲ့ပါလီမန်နန်းတော်ရဲ့အခန်းပေါင်း (၇၀) ရာခိုင်နှုန်းလောက်ကတော့တည်ရှိရာမြို့တော် ဘူခါရက်ရဲ့ဓာတ် အားဖြန့်ဝေမှုကို ချွေတာတဲ့အနေနဲ့ အသုံးပြုခြင်းမရှိပါဘူး။

ဒီလိုမှ မချွေတာလျှင်တော့အဆောက်အအုံတစ်ခုလုံးရဲ့အပူစနစ် ၊ လျှပ်စစ်အသုံးအဆောင်များ ၊ လျှပ်စစ်မီး စရိတ်အနေနဲ့တင် ၁နှစ်ကို ဒေါ်လာ ၆သန်းခန့်ကုန်ကျမှာဖြစ်ပါတယ်။
Credit to original writing