လင်းဇင်းပြည်ဆိုသည်မှာ ယခုလာအိုနိုင်ငံဖြစ်သည်။ လာအိုဘုရင့်နိုင်ငံဖြစ်သော လင်းဇင်းဘုရင့်နိုင်ငံကို ၁၃၅၄ခုနှစ်တွင် လာအိုဘုရင် ဖငွန် (Fa Ngum) မှ စတင်တည်ထောင်ခဲ့သည်။ ရှေးမင်းမျိုးနွယ်ဖြစ်သော မင်းသား ဖငွန်သည် ကမ္ဘောဒီးယားသို့ ထွက်ပြေးတိမ်းရှောင်နေရင်း ခမာဘုရင်၏ သမီးတော်နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။
၁၃၄၉ တွင် ဖငွန်သည် လူသူစစ်သည်ဗိုလ်ပါ ၁၀,၀၀၀ ပါသော စစ်တပ်ကြီးကို ဦးဆောင်လျက် ကမ္ဘောဒီးယားပြည် အန်ကောမှ သူ၏လာအိုပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။
ဖငွန်သည် သစ္စာခံသောနယ်များကိုလာအိုအခေါ် မွမ် (ပြည်နယ်)များ အဖြစ်သိမ်းယူသတ်မှတ်လိုက်သည်။ ခမည်းတော်နှင့် နောင်တော်များထံမှ အာဏာသိမ်းယူကာ ၁၃၅၄ တွင် ဗီယင်ကျန်းမြို့၌ လင်းဇင်းဘုရင်အဖြစ်ဘိသိက်ခံခဲ့သည်။ ဆင်ကောင်ရေတစ်သန်းဟု အဓိပ္ပါယ်ရသော လင်းဇင်းနိုင်ငံအတွက် နယ်မြေချဲ့ထွင် သိမ်းပိုက်ခဲ့ရာ ထိုခေတ်ကအရှေ့တောင်အာရှတွင် အကြီးမားဆုံးသော ဘုရင့်နိုင်ငံများတွင် ပါဝင်ခဲ့သည်။
ဖငွန်အုပ်ချုပ်သောအစောပိုင်းနှစ်များတွင် အခက်အခဲမရှိသော်လည်း နောက်ပိုင်း (၆)နှစ် (၁၃၆၂-၁၃၆၈) အတွင်း ဒေသတွင်းရိုးရာယုံကြည်ကိုးကွယ်မှုဖြစ်သောထေရဝါဒ ဗုဒ္ဓဘာသာ နှင့် သူ၏ယုံကြည်မှုဖြစ်သော မဟာယာန ဗုဒ္ဓဘာသာအကြား ပဋိပက္ခဖြစ်လာခဲ့သည်။ ဘုန်းကြီးကျောင်းပေါင်းများစွာကိုဖျက်ဆီးခဲ့သည်။ ပြင်းထန်စွာနှိပ်ကွပ်ခဲ့သည်။ ၁၃၆၈တွင် ဖငွန်၏မိဖုရားခမာမင်းသမီး ကွယ်လွန်သည်။
ထို့နောက်တွင် သူသည် အယုဒ္ဓယဘုရင်၏သမီးတော်နှင့် လက်ထပ်ခဲ့ပြန်သည်။ ထိုမင်းသမီးသည် သူ၏ကြင်ယာတော်အပေါ် ဩဇာလွှမ်းမိုးနိုင်ပြီးအယုဒ္ဒယမှ ဗုဒ္ဒရုပ်ပွားဆင်းတုတော်များကိုနောင်တွင်လွမ်ပရာဘွမ်ဟု အမည်တွင်မည့်ပရာဘွမ်မြို့တော်သို့ပင့်ဆောင်လာခဲ့သည်။
၁၃၇၃ တွင် ဖငွန်သည် မွမ်နန် (Muang Nan) သို့ ဆုတ်ခွာခဲ့သည်။ ယူနန်ပြည်သို့ထွက်ပြေးတိမ်းရှောင်နေခဲ့သော သားဖြစ်သူ အွန်ဟွမ် (Oun Heuan) ပြန်လည်ရောက်ရှိလာပြီး ၁၃၉၃တွင် ဖခင် ဖငွန်ကွယ်လွန်ပြီးနောက်၌ ထိုင်းသုံးသိန်းဟု အမည်ရသော ဆမ်ဆင်နက်ထိုင်း (Samsenethai) ဟု ဘွဲ့အမည်ခံကာ လန်ဆန်းပြည်ကို ဆက်လက်အုပ်ချုပ်ခဲ့သည်။
မဲခေါင်ဒေသတွင် မွန်ဂိုတို့၏ ဩဇာလွှမ်းမိုးမှုကို အဆုံးသတ်စေခဲ့သည်။ လာအိုလူမျိုး၊ ထိုင်းလူမျိုးနှင့် အခြားလူနည်းစုတိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော လင်းဇင်းပြည်သည် နောင် နှစ်ပေါင်း ၃၀၀ တိုင်အောင် ကြာမြင့်ခဲ့သည်။

ထိုဒေသတွင် ဖငွန်သေဆုံးပြီးနောက် ဖငွန်၏သားအကြီးဆုံးဖြစ်သူ အွန်ဟွမ် (Oun Heuan)က ဆမ်ဆင်ထိုင်း (Samsenthai) ဟုဘွဲ့အမည်ခံကာ တိုင်းပြည်ကို ၄၃နှစ်ကြာ အုပ်ချုပ်ခဲ့သည်။ ၎င်းမင်းလက်ထက်တွင် လန်ဆန်းတိုင်းပြည်သည် ကုန်သွယ်ရေးအချက်အချာ ဖြစ်လာခဲ့သည်။ ၁၄၂၁ခုနှစ် အွန်ဟွမ် သေဆုံးပြီးနောက်တွင် လင်းဇင်းပြည်ပြိုကွဲပျက်စီးကာ စစ်ဘုရင်နိုင်ငံများအဖြစ် နှစ်ပေါင်း(၁၀၀)ကျော်ကြာ တိုက်ခိုက်နေခဲ့ကြသည်။
မြန်မာတို့၏ ကျူးကျော်တိုက်ခိုက်ခြင်းမှ ရှောင်ရှားနိုင်ရန်အလို့ငှာ ၁၅၂၀တွင် နန်းတက်လာသော ဖိုတီဆာရပ် (Photisarath) ဘုရင်သည် မြို့တော်ကို လွမ်ပရာဘွမ်မှ ဗီယင်ကျန်းသို့ ပြောင်းရွှေ့ခဲ့သည်။
ဖိုတီဆာရပ်လုပ်ကြံခံရပြီးနောက် ၁၅၄၈တွင် သားဖြစ်သူ ဆက်သာသီရပ် နန်းတက်လာခဲ့သည်။ ဆက်သာသီရပ်သည် ကမ္ဘောဒီးယားပြည်သို့ စစ်ချီရာမှ အပြန်လမ်းတွင် ပျောက်ဆုံးခဲ့ပြီး လင်းဇင်းပြည် တစ်ဖြည်းဖြည်း ကျဆုံးဆုတ်ယုတ်လာခဲ့သည်။
၁၆၃၇ခုနှစ်တွင် နန်းတက်လာသော ဆိုရီငါဗောင်ဆာ (Sourigna Vongsa) လက်ထက်တွင် လန်ဆန်းပြည်သည် နယ်စပ်ဒေသများ ချဲ့ထွင်နိုင်ခဲ့ပြီး ၎င်းအုပ်စိုးသောအချိန်ကာလကို လာအိုတို့၏ရွှေခေတ်ဟုဆိုနိုင်သည်။ ၎င်းသေဆုံးပြီးနောက် ဆက်ခံမည့်သူမရှိသည့်အတွက် လင်းဇင်းတိုင်းပြည်သည် သုံးခြမ်းကွဲခဲ့သည်။
၁၇၆၃မှ ၁၇၆၉ခုနှစ်များတွင် လာအိုမြောက်ပိုင်းသည် မြန်မာတို့၏ သိမ်းပိုက်အုပ်ချုပ်ခြင်းခံရပြီး လွမ်ပရာဘွမ်သည် မြန်မာတို့၏ လက်အောက်ခံ ပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။ ချမ်ပါဆက်မှာလည်း ထိုင်းတို့၏ လက်အောက်သို့ ကျရောက်ခဲ့သည်။
ထိုင်းတို့က ချောင်အနုဗောင်ကို ဗီယင်ကျန်းဘုရင်ခံအဖြစ် ခန့်အပ်ခဲ့ပြီးနောက် ၎င်းမင်းသည် လာအိုအနုပညာ၊ စာပေတို့ကို အားပေးခဲ့ပြီး လွမ်ပရာဘွမ်နှင့်လည်း ဆက်ဆံရေးတိုးတက်အောင် ကြိုးပမ်းခဲ့သည်။ ၎င်းကို ထိုင်းတို့ထံ သစ္စာခံရန်ဖိအားပေးခံရသော်လည်း လက်မခံပဲ ပုန်ကန်ခဲ့သဖြင့် ထိုင်းတို့က ဗီယင်ကျန်းကို သိမ်းပိုက်ပြီး အနုဗောင်ကို အကျဉ်းသားအဖြစ် ဘန်ကောက်သို့ ခေါ်ဆောင်ခဲ့သည်
ဖငွန်၏ အဆက်အနွယ်ဖြစ်သူများသည်ဖငွန်သေဆုံးပြီးနောက် နှစ်ပေါင်း (၆၀၀) ကြာသည့်အချိန်တွင် ထီးနန်ဆက်ခံခဲ့ပြန်သည်။ ၁၇ ရာစုနှစ်ကုန်အထိ လက်အောက်ခံနယ်စားများဖြင့်လန်ဆန်းပြည်ကြီးလွတ်လပ်စွာတည်ရှိနေခဲ့သည်။ သို့ရာတွင် သမိုင်းမှတ်တမ်းများအရ ဗီယက်နမ်တို့က (၁၄၇၈-၇၉) တွင်လည်းကောင်း၊ ထိုင်းတို့က ၁၅၃၆တွင်လည်းကောင်း၊ မြန်မာတို့က (၁၅၇၁-၁၆၂၁) တွင်လည်းကောင်း တိုက်ခိုက်ခြင်းကို ခံခဲ့ရသေးသည်။
၁၉ရာစုနှောင်းပိုင်းတွင် လွမ်ပရာဘွမ်သည် တရုတ်အလံနက် (Blag Flag) တို့၏ ဖျက်ဆီးခြင်းကိုခံခဲ့ရပြီးပြင်သစ်တို့ကလာအိုဘုရင်အွန်ခမ် (Oun Kham) ကို ကယ်တင်ခဲ့သည်။
ယင်းနောက် ပြင်သစ်တို့က ပြင်သစ်အင်ဒိုချိုင်းနား ကိုလိုနီနယ်အတွင်းသွတ်သွင်းပြီး ပြင်သစ်အစောင့်အရှောက်ခံနိုင်ငံ အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၅၄တွင် စည်းမျဉ်းခံဘုရင်စနစ်ဖြင့် လုံးဝလွတ်လပ်ရေး မကြေညာမီအချိန်ထိ လာအိုနိုင်ငံကို ပြင်သစ်တို့က အုပ်ချုပ်ခဲ့သည်။
ထို့နောက် ၁၉၅၃မှ ၁၉၇၅အတွင်း ာအိုဘုရင့်နိုင်ငံ (Kingdom of Laos) ဖြစ်ခဲ့သည်။ ၁၉၇၅တွင် ကွန်မြူနစ် ပက်သက်လာအို (Pathet Lao) များက အာဏာသိမ်းယူခဲ့ပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ (Lao People’s Democratic Republic) ကို တည်ထောင်ခဲ့သည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်သည်။
Country Study – Kingdom of Laos
Myanmar Wikipedia