တက္ကသီလာ ခေါ် တက္ကသိုလ်ပြည် ဆိုတဲ့ စကားလုံးကို စာတွေထဲမှာ မကြာခဏတွေ့ဖူး ကြားဖူးကြမှာပါ။ ရှေးရာဇ၀င် ပုံပြင်တွေထဲမှာ မင်းညီမင်းသားတွေဟာ တက္ကသိုလ်ပြည်မှာ ပညာသွားသင်လေ့ရှိတယ်ဆိုတာ ပါလေ့ရှိပါတယ်။
အဲဒီ တက္ကသီလာ လို့ခေါ်တဲ့ တက္ကသိုလ်ဟာ တကယ်ရှိခဲ့ပါတယ်။ တက္ကသီလာကို Taxila ၊ Takṣaśilā ဟု ခေါ်ဝေါ်ကြပြီး အဓိပ္ပါယ်ကတော့ ဖြတ်ထားတဲ့ကျောက်တုံးတွေနဲ့ ဆောက်တဲ့မြို့လို့ အဓိပ္ပါယ်ရပါတယ်။ တက္ကသီလာ (Taxila) ၊ တက္ကသီလ-ဆိုတာ ပါဠိစကားပေါ့။
တက္က=ယုတ်လျော့သည်ကို ဖြည့်ဆည်းခြင်း၊ သီလ=အလေ့။ ဒီတော့ ယုတ်လျော့ခြင်းကို ဖြည့်ဆည်းပေးလေ့ရှိတဲ့နေရာလို့ အဓိပ္ပါယ်ရတယ်။ ပညာဖြည့်ဆည်းပေးလေ့ ရှိတဲ့နေရာလို့ ဆိုလိုတာပါ။ တချို့ကလည်း တက္က=ကြံစည်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ပြီး ကြံစည်စဉ်းစားတဲ့အလေ့ရှိတဲ့နေရာ-လို့ ဖွင့်ဆိုကြတယ်။

တက္ကသိုလ်ဆိုပေမယ့် မြို့တစ်မြို့အဖြစ် တည်ရှိခဲ့တာဖြစ်ပြီး ပါကစ္စတန် ပန်ဂျပ်ပြည်(ရှေးအိန္ဒိယ) က Rawalpindi မှာ တည်ရှိခဲ့ပါတယ်။ ဒီနေရာဟာ ရှေးအခေါ် ဂန္ဓာရတိုင်းရဲ့ မြို့တော်ဖြစ်ခဲ့ပြီး အလွန်ထင်ရှားခဲ့ဖူးပါတယ်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၇၀၀ခန့်တည်းက ရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့အစောဆုံး ပထမဆုံး တက္ကသိုလ် ဖြစ်ပါတယ်။
ကမ္ဘာအနှံ့ကကျောင်းသားပေါင်း ၁သောင်း၀န်းကျင်ခန့် လာရောက်တက်ကြပါတယ်။ ဘေဘီလုံ ၊ ဂရိ ၊ ဆီးရီးယား နဲ့ တရုတ်က ကျောင်းသားတွေအပါအ၀င်ပါ။ စတင် တက်ရောက်ရမယ့် ကျောင်းသားတွေဟာ အနည်းဆုံး ၁၆ နှစ် ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။

ကျွန်တော်တို့သိကြတဲ့ အဌာရသ ၁၈ ရပ် အပါအ၀င် ဘာသာရပ်ပေါင်း ၆၀ ကျော် ကို သင်ကြားပေးခဲ့ပါသတဲ့။ တက္ကသိုလ်ကျောင်း၀န်းဟာ အလျား ၁မိုင် အနံ မိုင်၀က် ကျယ်ပါတယ်။
စာသင်ခန်းပေါင်း ၃၀၀ ခန့်ရှိခဲ့ပြီး စာသင်ခုံတွေအတွက် ကျောက်တုံးတွေကို သုံးခဲ့ပါတယ်။
ဒီတက်ရောက်ခဲ့တဲ့ကျောင်းသားတွေထဲမှာ အာသောကမင်းကြီးရဲ့ လက်ရုံး Kautilya ၊ ကောသလဘုရင် Prasenajit ၊ ဗုဒ္ဓရဲ့ဆေးဆရာဇီ၀က Jivaka စသူတို့ပါ၀င်ခဲ့ပါတယ်။

နှစ်ပေါင်း ၁၀၀၀ ကျော်ခန့် ခမ်းနားကြီးကျယ်စွာ ရပ်တည်ခဲ့တဲ့ ဒီတက္ကသိုလ်ကြီးဟာ အေဒီ ၅ ရာစု ၀န်းကျင်မှာတော့ ရှေးဟောင်းဂရိနယ်မြေဖြစ်တဲ့ Hindu Kush ကို ကျော်ဖြတ်ကာ ပန်ဂျပ်ပြည်ကို ၀င်ရောက်ခဲ့တဲ့ Huns လူမျိုးတွေ ရဲ့ အပြီးတိုင် ဖျက်စီးခြင်းကို ခံခဲ့ရပါတယ်။
အဲဒီအချိန်ကစလို့ ဒီနေရာဟာ တိမ်မြုပ် ပျောက်ကွယ်ခဲ့ပြီး ၁၉ရာစု အလယ်ပိုင်းလောက်မှာတော့ Taxila ရဲ့ အပျက်အစီးတွေကတစ်ဆင့် သုတေသနပညာရှင် Sir Alexander Cunningham က ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

၁၉၈၀ မှာ ကမ္ဘာ့အမွေအနှစ် စာရင်း၀င်နေရာတစ်ခုဖြစ်လာခဲ့ပြီး လက်ရှိအချိန်အထိ ပါကစ္စတန်နိုင်ငံရဲ့ လာရောက်လည်ပတ်သူ အများဆုံးနေရာ တစ်ခုဖြစ်ပါတယ်။
Credit : Thutazone