၁၈၇၈ခုနှစ်ဒီဇင်ဘာ ၁၃ရက်နေ့ဖွါးရှာမှရှားသော ဆာဦးသွင်
မြန်မာပြည်၌ ဆာဦးသွင်ကဲ့သို့ ငွေကြေးပစ္စည်းဥစ္စာချမ်းသာကြွယ်ဝသူများရှိကြသည်။ သို့သော် ဆာဦးသွင်ကဲ့သို့ စိတ်ကောင်းစေတနာမျိုးထားရှိ သူသည် အတော်နည်းပါးမည်ဟု ကျွန်ုပ်ဆိုချင်ပါသည်။ ယင်းကြောင့်လည်း ဆာဦးသွင်ကဲ့သို့သောပုဂ္ဂိုလ်မျိုးကို ကျွန်ုပ်သည်လေးစားသောအားဖြင့် ဧည့်ခံပွဲပြုလုပ်လေ တိုင်း သူ၏အမည်ကို ရှေ့ဆုံးမှထားရှိပြီး ဖိတ်ကြားလေ့ ရှိခဲ့သည်။
အထက်ပါ စကားတို့သည် ၁၉၆၃ ခုနှစ် လန်ထောင်စာပေမှထုတ်ဝေခဲ့သည့် ‘ဦးစပ်စု၏ထူးတဲ့စပ်စု’ တတိယတွဲစာအုပ်မှ ကောက်နုတ်ချက် ဖြစ်သည်။ကာယကံရှင်ဦးစပ်စုက ဆာဦးသွင်နှင့်ပတ်သက်ပြီး ဤကဲ့သို့ရေးသားခဲ့သည်။ကျွန်ုပ်သိသော ဆာဦးသွင်သည် ဓနကြေးငွေချမ်းသာ၏။ စိတ်စေတနာပြည့်ဝသည်။ ကိုယ်ချင်းစာနာ တတ်သည်။
ငွေကြေးဘက်၌လည်း လက်မခက်လွယ်ကူပါပေ၏။ တကြိမ်တခါက ယခုတရုတ်တန်းဝယ် အသက်ရှင်နေသူ တရုတ်သူဌေးတယောက်က သူသိသောဆာဦးသွင် အကြောင်းကို ကျွန်ုပ်အားပြောပြဖူးသည်။ သူပြောပြသည်မှာ . . . ”စစ်ကြီး ပြီးဆုံးလို့ ကျွန်တော် ဗမာပြည်ကိုပြန်ရောက်လာချိန်မှာရှိတဲ့ဆန်စက်၊ ဆီစက်တွေဟာ မီးလောင်လို့ပြာဖြစ်ကုန်ပြီ။ စစ်မဖြစ်ခင်က ကျွန်တော့်ရဲ့တိုက်ကို ဆာဦးသွင်ဆီမှာ ပေါင်ထားဖူးပါတယ်။ ဒီတိုက်ကို ပြန်ရွေးဖို့ နေနေသာသာ ကျွန်တော့်ကိုယ်ပိုင်ဆိုလို့ အဝတ်တထည်၊ ကိုယ်တခုပဲ ရှိတယ်။
အဲဒီလိုကျွန်တော့်မှာ အခြေအနေယိုင်နေချိန် ဆာဦးသွင်က ခေါ်ပြောသည်။သူက ကျွန်တော့်တိုက်ဂရန်ကိုလည်း ပြန်ပေးတယ်။ ပြီးတော့ သူနဲ့ကျွန်တော်ချုပ်ဆိုထားတဲ့ စာချုပ်ကိုလည်း မီးရှို့လိုက်တယ်။ ပြီးတော့ သူကပြောပြတယ်။ ငါလည်း အသက်ကြီးပြီ။ မတော်တဆများ ကွယ်လွန် အနိစ္စ ရောက်ခဲ့လို့ရှိရင် ငါ့သားသမီးတွေက မင်းတိုက်ကို သိမ်းလိမ့်မယ်။ ဒီတော့ မင့်မှာအမှုပတ်ပြီး ဒုက္ခရောက် လိမ့်မယ်။ ဒါကြောင့် ခုဒီစာချုပ်ကို မီးရှို့လိုက်ရတာဟာ မင်းမှာလည်း စက်တွေမီးရှို့ခံရ၊ ရှိတဲ့စီးပွားရေးကလည်း ပျက်နေတာငါသိတယ်။
ဘာမှစိတ်မပူနဲ့။ ရှေ့ဆက်ပြီးတော့သာ စီးပွားရေးလုပ်။ မင်းမှာငွေအကျပ် အတည်းတွေ့နေရင် ငါငွေကြေးအကူအညီပေးမယ်။ ဒါကြောင့် ကျွန်တော်လည်း စီးပွားရေးပြန်လည်ထူထောင် နိုင်လို့ အခြေအနေပြန်လည်ပြီးတော့ ကောင်းလာတာ”ဟု ပြောပြ၏။သူဌေးကြီးဆာဦးသွင်သည် ကိုယ်ချင်းစာနာမှုအပြည့်အဝ ရှိသူဖြစ်သည်။ ဆာဦးသွင်ကဲ့သို့ ပေးကမ်းစွန့်ကြဲခြင်း ဘက်၌ ရက်ရောသူ၊ ကိုယ်ချင်းစာနာမှု အပြည့်အဝရှိသူ၊ နိုင်ငံအပေါ်ချစ်ခင်လေးစားသည့် စိတ်ဓာတ်ရှိသူ၊ ဘာသာတရားကို ကြည်ညိုလေးစားသူသည် ရှာမှရှား လေသည်။
ဆာဦးသွင်ကို ၁၈၇၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် သောကြာနေ့တွင် မော်လမြိုင်၌ဖွားသည်။ အဖဦးဖလ်၊ အမိဒေါ်ယဉ်ဖြစ်သည်။ မွေးချင်း ၃ ယောက်တွင် အကြီးဆုံးဖြစ်ပြီး ညီဖြစ်သူမှာ မော်လမြိုင်လျှပ်စစ်ဓာတ်မီး သူဌေးဦးအုန်းဖေ၊ နှမမှာ စက်ရှင်မင်းကြီးကတော် ဒေါ်နှင်းအိဖြစ်သည်။မော်လမြိုင်တောင်လေးလုံးဘုန်းကြီးကျောင်းတိုက်၊ စိန့်ပက်ထရစ်ကျောင်း၊ ရန်ကုန်အစိုးရအထက်တန်း ကျောင်း၊ ရန်ကုန်ကောလိပ်တို့တွင် ပညာသင်ခဲ့သည်။ ၁၉ဝ၁ ခုနှစ်တွင် ရန်ကုန်ကောလိပ်မှ အက်ဖ်အေ (ဥပစာတန်း) အောင်သည်။
၁၉ဝ၁-ဝ၂ တွင် ပညာအုပ်အဖြစ် အမှုထမ်းသည်။ ၁၉ဝ၂ ခုနှစ်တွင် ဝန်ထမ်းဘဝမှ ထွက်၍ မော်လမြိုင်၌ဆန်စက်၊ လျှပ်စစ်ဓာတ်အားကုမ္ပဏီတို့ကို ဦးဆောင်လုပ်ကိုင်သည်။ ထို့နောက် ရန်ကုန်သို့ပြောင်း၍ ရန်ကုန်တဖက်ကမ်း ခနောင်တို၌ ဆန်စက်တည်ကာ ဆန်ရောင်းဝယ်ရေး လုပ်သည်။ ဆန်စျေးအတက်၊ အကျခန့်မှန်းရာတွင် တိကျမှန်ကန်လှသူဖြစ်သည်။ ဆန်အရောင်းအဝယ်ကို မလေးကျွန်းဆွယ်နှင့်စင်ကာပူသို့သွားရောက်လုပ်ကိုင်ခဲ့ရာ ဆန်ဝိဇ္ဇာဟုထင်ရှားခဲ့သည်။
၁၉၁၁ ခုနှစ်တွင် မြန်မာကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ၊ ၁၉၁၄ ခုနှစ်တွင် ဆန်စက်ငယ်များအသင်းဥက္ကဋ္ဌ၊ ၁၉၁၂-၁၅၊ ၁၉၃၃-၃၅၊ ၁၉၃၉-၄၇ တွင် သူရိယသတင်းစာ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာအမျိုးသားများအာမခံကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ၊ ၁၉၂၄-၃၉ တွင်ရန်ကုန်စည်ပင်သာယာအုပ်ချုပ်ရေး အဖွဲ့ဝင်၊ ၁၉၃၅-၄၁ တွင် မြန်မာပြည်ဘိလပ်မြေကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင်၊
၁၉၃၇ ခုနှစ်တွင် မြန်မာပြည်ဆိုင်ရာအိန္ဒိယသီးသန့်ဘဏ်လီမိတက် အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့ဝင်၊ ၁၉၄၅ ခုနှစ်မှစ၍ မြန်မာကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် နာယကတာဝန်များကို ထမ်းဆောင်ခဲ့သည်။
စီးပွားရေးလုပ်ငန်းများအတွက် ဥရောပနှင့် အာရှအရှေ့ပိုင်းနိုင်ငံများသို့အကြိမ်ကြိမ်သွားရောက်ခဲ့သည်။၁၉ဝ၈ ခုနှစ်တွင် မြန်မာပြည်သဟာယအသင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ကိုလိုနီခေတ်အုပ်ချုပ်ရေး ဝန်ထမ်းမြို့ပိုင်၊ နယ်ပိုင်တို့ကို ဖိနပ်ချွတ်ဦးချ အရိုအသေ ပေးရသည့် ဓလေ့စရိုက်ကို ဦးဆောင်တိုက်ဖျက်ခဲ့သည်။
အမျိုးသားရေးနှင့်ပတ်သက်ပြီး ပထမအကြိမ်ကျောင်းသားသပိတ်အပြီးတွင် ပေါ်ပေါက်ခဲ့သည့် အမျိုးသားပညာရေးအဖွဲ့၏ ဘဏ္ဍာတော်ထိန်းနှင့် အမျိုးသားနေ့ကျင်းပရေးကော်မတီ ၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည်။ ၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်တွင်အစိုးရနှင့်ကျောင်းသားများကြား နှစ်ဖက်တင်းမာမှုကို စေ့စပ်ဆွေးနွေးပေးခဲ့သည်။
ထိုစဉ်ကပေါ်ပေါက်ခဲ့သော ကုလား-ဗမာအဓိကရုဏ်း အေးချမ်းရေးအတွက်လည်း ပါဝင်ခဲ့သည်။ အမျိုးသားတက္ကသိုလ်တည်ထောင်ရေးတွင်လည်း ငွေကြေးမတည်လှူဒါန်းခဲ့သည်။၁၉၃၇ ခုနှစ်တွင် ဆဋ္ဌမမြောက် ဂျော့ဘုရင်၏ဘိသိက်ပွဲသို့ တက်ရောက်ရန် ပြည်သူများ၏ကိုယ်စား လှယ်အဖြစ် ဖိတ်ကြားခံရ၍ လန်ဒန်သို့သွားရောက်ခဲ့သည်။
၁၉၃၇-၄၁ တွင် မြန်မာပြည်ဥပဒေပြုလွှတ်တော်အတွက် အထက်လွှတ်တော်အမတ်တဦးအဖြစ် ဘုရင်ခံ၏ ရွေးချယ်ခန့်အပ်ခြင်းခံရသည်။ ၁၉၄၁ ခုနှစ်တွင် ဗြိတိသျှအစိုးရ၏ ‘ဆာဘွဲ့’ချီးမြှင့်ခံရသည်။ ဂျပန်ခေတ် (၁၉၄၃-၄၅)တွင် မြန်မာအစိုးရအတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
ဆာဦးသွင်သည် ၁၉၄၆ ခုနှစ်တွင် ကန္ဒီစာချုပ်ချုပ်ဆိုရန် သီဟိုဠ် (သီရိလင်္ကာ)သို့ သွားရောက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို ခရီးစရိတ်ငွေတသောင်းလှူဒါန်းခဲ့သည်။လူမှုရေးလုပ်ငန်းများအနေနှင့် ၁၉၄၈ ခုနှစ်တွင် မော်လမြိုင်အသင်းဥက္ကဋ္ဌ၊အစိုးရအမှုထမ်းများလာဘ်စားမှု စုံစမ်းရေးကော်မတီအဖွဲ့ဝင်၊ ၁၉၃၆ ခုနှစ်တွင် မြန်မာနိုင်ငံအဆုတ်ရောဂါနှင့်အနာကြီးရောဂါပပျောက်ရေး အသင်းကော်မတီအဖွဲ့ဝင်၊ ၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်စုံစမ်းရေးကော်မတီအဖွဲ့ဝင်၊
၁၉၄၇ ခုနှစ် အမျိုးသားတက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရန်ကုန်တက္ကသိုလ်ထောက်ပံ့ရေးအဖွဲ့ကော်မတီဝင်၊ ၁၉၅၅ ခုနှစ်တွင် မော်လမြိုင်မြို့မွန်အမျိုးသားအထက်တန်းကျောင်း တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်မြို့မမိန်းကလေးကျောင်း တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။
သာသနာရေးလုပ်ငန်းများအဖြစ် ၁၉၁၈ ခုနှစ်မှစ၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းအဖွဲ့ဝင် ၁၉၃ဝ ပြည့်နှစ် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်ဖွင့်ပွဲ ဦးဆောင်ဥက္ကဋ္ဌ၊ ၁၉၄ဝ ပြည့်နှစ်တွင် အိန္ဒိယမဟာဗောဓိ အသင်းကြီး၏ ဒုတိယဥက္ကဋ္ဌ၊ ၁၉၄၇ ခုနှစ်တွင် ရွှေတိဂုံစေတီတော် စေတီယင်္ဂဏပရိယတ္တိသာသနာ့ဟိတ အသင်းဥက္ကဋ္ဌ၊
၁၉၄၇ခုနှစ်တွင် ဗုဒ္ဓသာသနာ့နုဂ္ဂဟအဖွဲ့ဥက္ကဋ္ဌ ၊ ၁၉၄၈ ခုနှစ်မှစ၍ တိပိဋက ရွေးချယ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ၁၉၅၁-၆ဝ တွင် မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့ကောင်စီဥက္ကဋ္ဌ၊ ၁၉၅၂ ခုနှစ်တွင် ဆဋ္ဌသင်္ဂါယနာဖြစ် မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လွတ်လပ်ရေးခေတ်ဦးဗိုလ်တထောင်စေတီနှင့် ပဲခူးရွှေမော်ဓောစေတီပြန်လည် တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်ခဲ့သည်။ဦးသွင်သည် ၁၉၁၁ ခုနှစ်တွင် ရန်ကုန်မြို့ ဦးဖေ၊ ဒေါ်မိန်းကလေးတို့၏သမီး မသိန်းနှင့်လက်ထပ်သည်။
သမီးဒေါ်ခင်ခင်ကြီး (တရားလွှတ်တော်ဝန်ကြီး)အိုင်စီ အက်စ်ဦးစံမောင်ထွန်းကားသည်။၁၉၅ဝ ပြည့်နှစ်တွင် နိုင်ငံတော်အစိုးရက သတိုးသီရိသုဓမ္မဘွဲ့၊ ၁၉၅၅ ခုနှစ်တွင် ယိုးဒယားဘုရင်၏ Order of Crown (ပထမဆင့်) ဘွဲ့တံဆိပ်များချီးမြှင့်ခံရသည်။ ဆာဦးသွင်သည် ၁၉၆၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ တွင် ကွယ်လွန်ခဲ့သည်။ကိုလိုနီခေတ် မြန်မာသူဌေးကြီးများသည် မိမိနှင့် မိမိ၏မိသားစုချမ်းသာကြွယ်ဝရေးအတွက် နိုင်ငံတော်၏ သယံဇာတအရင်းအမြစ်များ ပြုန်းတီးအောင်မလုပ်ခဲ့ကြ။ သစ်တောများပြုန်းတီးအောင် မခုတ်ခဲ့ကြ။
လိုဏ်များ၊ ကျင်းများဖြစ်သည်အထိ မြေအောက်ရတနာများကို မတူးဖော်ခဲ့ကြပေ။ဤသို့ရှာမှရှားသောပုဂ္ဂိုလ်ကြီးများတွင် ဆာဦးသွင်သည် တဦးအပါအဝင်ဖြစ်သည်။ ”ဦးသွင်သည် ဗြိတိသျှအစိုးရ၏အမှုကို ကျိုးနွံစွာ ထမ်းဆောင်ခြင်းဗြိတိသျှတို့၏အကျိုးစီးပွားဂုဏ်ကျေးဇူးကို တိုးပွားအောင်ဆောင်ရွက်ခြင်းတို့ကြောင့် ဆာဘွဲ့ပေးခံရခြင်းမဟုတ်။
တိုင်းသူပြည်သားများ၏ အားထား ယုံကြည်မှုခံရခြင်း သစ္စာသမာဓိနှင့် ပြည့်စုံခြင်း။ အဂတိမလိုက်စားခြင်း စသည့် ဂုဏ်များကြောင့် သာဖြစ်သည်ဟု ဒီးဒုတ်ဂျာနယ်က မှတ်တမ်းတင်ခဲ့သည်။
ချစ်မြိုင်ရည်ညွှန်း
၁။ လူကျော် ၁ဝဝ၊ မောင်ဇေယျာ
၂။ ‘ဆန်း၊ နု၊ သန်းတို့ခေတ်မှသည် ယနေ့ စုနှင့် ဒီ’၊ လန်ထောင်စပ်စုလေး