ရှေးမြန်မာတို့သည် အလွန်စစ်ခင်းဝါသနာထုံသောလူမျိုးဖြစ်လင့်ကစား စစ်ပစ္စည်းအသုံးဆောင်တို့ကိုလဲသူ့နေရာနှင့်သူ တွင်တွင်ကျယ်ကျယ်၊ ကျကျနန အသုံးပြုခဲ့ကြလေသည်။အောက်ချေစစ်မှုထမ်း တပ်သားမှစ၍ ရှင်ဘုရင်ထိတိုင် ”မောက်တို” ဟူသော ဦးဆောင်းနှင့် “မောက်ရူ” ခေါ် နဖူးအထက်စွပ်၍ ဝတ်ဆင်ရသော စစ်ဝတ်စုံများကို အသုံးပြုကြသည်။
ရာထူး အဆင့်မြင့်သူတို့သည် “မျဥ်းတို၊ မျဥ်းရှည်”ခေါ်သော အပေါ်ဝတ်များကို ဝတ်ဆင်ကြသေးသည်။ဒသမတန်း ဘတ်စာ “ပင်ရင်းမြန်မာစကားပြေလက်ရွေးစင်” တွင်ပါရှိသည့် “စီးချင်းတိုက်ပွဲ” တွင် ”ရှေးမြန်မာစစ်သည်တပ်သားတို့ ဆောင်းလေ့ရှိသည့် ထိပ်ဖူးတပ်ဦးဆောင်းတစ်မျိုး” ဟူ၍ ဖော်ပြထားသည်။
၎င်းသည် တောင်ငူခေတ်ဖြစ်၍ ထိုခေတ်ကပင် ”မောက်တို”ဟုခေါ်ဝေါ်ခဲ့ကြသည်ဟုမှတ်ရပေမည်။သို့သော်လည်း ယနေ့ခေတ်တွင် “မျဥ်းတို၊ မျဥ်းရှည်” ရှိ၍ ”မောက်တို”ရှိလျှင် “မောက်ရှည်” ရှိရမည်ဟု အမှတ်မှားနေကြဟန်တူသည်။

ရှင်ဘုရင်များအသုံးပြုသည့် ”မောက်တို”များပင်လျှင် အထွတ်တပ်ထားသောကြောင့် အောက်ချေ စစ်သားများအသုံးပြုသည့် “မောက်တို”များထက် အရပ်ပိုမြင့်သော်ငြား “မောက်တို”ဟုသာ ခေါ်ဝေါ်ကြောင်း ပုရပိုက် ပုံများတွင် အထင်းသား တွေ့မြင်နိုင်သည်။
ကင်းဝန်မင်းကြီး လန်ဒန်သွားနေ့စဥ်မှတ်စာတမ်း စာမျက်နှာ-၇၂ တွင်လည်း မောက်တိုဟုသာ ရေးထားလေသည်။ စာတစ်အုပ်လုံး “မောက်ရှည်”ဟူ၍မပါ။တစ်ချို့ကလည်း တိကျမှုမရှိသော သမိုင်းစာများကို ဖတ်ရ၍ ”မောက်တို”အား ”မောက်ရူ” ဟုအမှတ်မှားကြလေတော့သည်။ သမိုင်းဆရာကြီးများကိုယ်တိုင်ပင် မှားယွင်းနေကြသည်ကို စိတ်မကောင်းဖွယ် မြင်တွေ့ရသည်။
၎င်းကို ဒေသိယစကားဖြင့် ”မောက်လူ”၊ “မောက်ကလူ” ဟူ၍ခေါ်ကြသည်လည်း ဖတ်ရ၊ မှတ်ရ ဘူးသည်။၎င်း”မောက်တို” ကို ကြေး၊သံ အစရှိသော သတ္ထုဖြင့်ပြုလုပ်၍ သစ်စေးမံကာ ရွှေပိန်းချရသည်။ ရှင်ဘုရင်ဆောင်းရတနာမောက်တိုများကိုမူ တစ်ခုလုံး ရွှေသားဖြင့်ပြုလုပ်သည်။ အောက်ခြေစစ်သားများအတွက်မူ ဟင်္သာပြဒါးအရောင်သာ သုံးလေ့ရှိသည်။

သစ်စေးမပါသော “မောက်တို”များလည်းရှိသည်။ထို့အပြင် တပ်မူးမှစ၍ စစ်သေနာပတိ၊ ရှင်ဘုရင်များအထိ အဆင့်ဆင့် ရာထူးအလိုက် ရွှေဖြင့်ပြုလုပ်ထားသော “တမာရွက်ထောင်” ခေါ်သော အပြားကလေးများကို “မောက်တို” အအုံပတ်လည်တွင် တပ်ကာ အဆင့်သတ်မှတ်လေ့ရှိသေးသည် ဟု မြန်မာမှု ဗိသုကာပညာရှင် ဦးဝင်းမောင်ထံမှ ကျွန်ုပ် မှတ်သားဘူးသည်။
ကျေးဇူးတင်ပါသည် ဆရာကြီး ခင်ဗျ။စင်စစ် “မောက်ရူ”မှာ ပါးကာ၊ နားကာနှင့်အနောက်ကာ တွဲလျှက်ပါရှိသော ထိပ်တွင်အပေါက်ပါသည့် ဦးခေါင်းကိုစွပ်၍ ဝတ်ဆင်ရသော အစွပ်ပင်ဖြစ်သည်။ မြန်မာတို့သည် သျှောင်ထုံးလေ့ရှိသောကြောင့် ထိပ်တွင် အပေါက်ထားရခြင်းဖြစ်သည်။
“မောက်ရူ”ကို အောက်ချေ ဆင်ခြေဖုံး တပ်သားများတွင် ရိုးရိုးဖျင်ကြမ်းစဖြင့် ပြုလုပ်၍ ရာထူးအဆင့်မြင့်သည်အလျှောက် တန်ဘိုးကြီးသော ကတ္တီပါ ရွှေခြည်ထိုး၊ ယက်ပြား အစရှိသည်တို့ဖြင့်ပြုလုပ်ဝတ်ဆင်ကြသည်။
၎င်း”မောက်ရူ”မှာ အိန္ဒိယမှ မွေးစားထားခြင်းဖြစ်ပြီး ယိုးဒယားထိတိုင်မြင်တွေ့နိုင်သည်။ယနေ့တွင် ပခန်းကြီးပြတိုက်၌ ရွှေပိန်းချ ”မောက်တို” တစ်လုံးကို လေ့လာနိုင်သည်။ အမေရိကန်ပြည်ထောင်စုရှိပြတိုက်တွင်လည်း လေ့လာနိုင်သည် သို့သော် ပြတိုက်အတိကျမသိ၍ မဖော်ပြတော့ပါ။
“မောက်ရူ” ကိုမြင်တွေ့လေ့လာလိုလျှင် ညောင်ရွှေဟော်နန်း၌ အခွင့်တောင်း၍သော်လည်းကောင်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဝိတိုရိယနှင့်အဲလ်ဘတ် ပြတိုက် ထားသိုတိုက်(Blythe House) တွင် အခွင့်တောင်း၍သော်လည်းကောင်း ကြည့်ရှုနိုင်သည်။ဤသို့ဖြင့် အထက်ပါအတိုင်း သမိုင်းအထောက်အထားအချို့ နှင့် ပြုလုပ်ထားပုံအကျဥ်းတို့ကိုပါထည့်သွင်း၍”မောက်တို” နှင့် ”မောက်ရူ” ကွဲပြားကြစေကြောင်းကို ပုံနှင့်တစ်ကွဖော်ပြလိုက်ပါသည်။
credit : Ye Thway Aung