မျှော်လင့်ခြင်းနှင့်အတူ ( မိုးမိုး(အင်းလျား)
အလွန်အေးစက်မွန်းကြပ်နေတဲ့ အခန်းထဲကနေ ကျွန်မကို ထုတ်ယူခေါ်ဆောင်လာကြတယ်။ ဒီအခန်းထဲမှာ နှစ်ညလုံး အိပ်စက်နေခဲ့ရတဲ့ ကျွန်မဟာ အခုမှပဲ ပြင်ပကမ္ဘာရဲ့ အလင်းရောင်ကို ထိတွေ့ခံစားရတော့တယ်။ လူတွေရဲ့အရိပ်အရောင်ကို မြင်တွေ့ရတော့တယ်။ လူတွေရဲ့ အသံနဲ့ လှုပ်ရှားမှုကို သိမှတ်ရတော့တယ်။သီးခြားကမ္ဘာထဲမှာ ဘဝရဲ့နောက်ဆုံးနေ့ရက်တွေကို ကုန်လွန်စေခဲ့ရတဲ့ ကာလတွေဟာ ရှည်လျားလှပါတယ်။ အဖော်တွေရှိပေမယ့် အဲ့ဒီအဖော်တွေဟာ ကျွန်မဘဝတစ်လျှောက်လုံး ပေါင်းသင်းဆက်ဆံခဲ့တဲ့ အဖော်တွေလိုပဲ ကျွန်မနဲ့ ကင်းလွတ် ဝေးကွာနေတဲ့ သူတွေသာဖြစ်တယ်။ ဝိညာဉ်ကမ္ဘာမှာတောင် ကျွန်မဟာ တစ်ပါးသူနဲ့ ရောယှက်မရပါလားရယ်လို့ သိမှတ်ရပြန်တော့တယ်။
ကျွန်မဟာ အလှအပကို ကြိုက်နှစ်သက်တတ်သူဆိုတာကိုတော့ သူတို့ မမေ့ကြသေးဘူး။ အထူးသဖြင့် ကျွန်မအလိုကို အမြဲဆန့်ကျင်ခဲ့တဲ့ ဖေဖေက မမေ့ဘူး။ ဖေဖေက “သူ့ကို လှလှပပ ပြင်ပေးလိုက်ကြပါ”လို့ ပြောနေတယ် ထင်ရဲ့။ကျွန်မက အလွန်ခေါင်းမာသူ၊ အစွဲလမ်းကြီးသူဆိုတာကိုလည်း ကျွန်မရဲ့ မမက မမေ့ဘူး။ ကျွန်မသုံးတဲ့ မိတ်ကပ်အရောင်ဟာ အလွန်ရင့်တယ်။ ကျွန်မက မျက်နှာပေါ်မှာ မိတ်ကပ်လိမ်းမထားဘူးလို့ ထင်ရအောင် မိတ်ကပ်လိမ်းတတ်သူဖြစ်တယ်။ ညိုမှောင်နေတဲ့ ကျွန်မအသားအရောင်ဟာ ခုခေတ်မှာ အလွန်အသုံးနည်းလှတဲ့ ပင်ခရိုမိတ်ကပ်နံပတ် ၂၇နဲ့ ရောထွေးသွားတတ်တယ်။
မမက ကျွန်မ သုံးတတ်တဲ့ အလှပြင်ပစ္စည်းတွေကို သယ်ဆောင်လာတာတော့ ကျေးဇူးတင်စရာပါပဲ။”သူ အခုချိန်မှာ ဘာအရောင်ဝတ်ချင်သလဲဆိုတာ ငါသိချင်လိုက်တာ” လို့ ညီမငယ်က ပြောတယ်။ ကျွန်မက “အဝါရောင် အဝါရောင်”လို့ ပြောပေမယ့် သူတို့ ဘယ်ကြားရပါ့မလဲ။ ကျွန်မငယ်ငယ်က အပြာရောင်ကိုကြိုက်တယ်။ ကြီးလာတော့ အဝါရောင်ကြိုက်တယ်။ ဒါပေမယ့် ကျွန်မက အပြောင်းအလဲများတတ်တဲ့ မိန်းကလေးတော့ မဟုတ်ခဲ့ပါဘူး။ အပြောင်းအလဲ မလုပ်တတ်လွန်းလို့ပဲ ကျွန်မနဲ့ ကျွန်မရဲ့ အိမ်သားတွေ ကင်းကွာခဲ့ရတယ်။
ကျွန်မကသူတို့ကို နားမလည် လက်မခံနိုင်သလို သူတို့ကလည်း ကျွန်မကို နားမလည် လက်မခံခဲ့ကြပါဘူး။ကျွန်မကို အသစ်လွင်ဆုံး အပြာရောင်ဝတ်စုံလေး ဝတ်ဆင်ပေးကြတယ်။ ကျွန်မအကြိုက်ဆုံး ဝတ်စုံမဟုတ်ပေမယ့် ဆိုးတော့ မဆိုးပါဘူးလေ။ ကျွန်မရဲ့ရုပ်သွင်လည်း ကြည့်ပျော်ရှုပျော်ဖြစ်လာပါတယ်။ တကယ်တော့ ညီအစ်မသုံးယောက်တည်းမှာ ကျွန်မက ရုပ်အဆိုးဆုံးလေ။ ဒါပေမယ့် ပြင်တတ်ဆင်တတ်လို့ ကြည့်ကောင်းတယ်လို့ ဖေဖေက အမြဲပြောတာပဲ။ အရုပ်ဆိုးလို့ အားပေးတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မငယ်ငယ်က စာလဲအတော်ဆုံးပဲတဲ့။
ဒါပေမယ့် အခုတော့ ကျွန်မက ညီအစ်မ သုံးယောက်တည်းမှာ အနိမ့်ဆုံးနေရာမှာပဲ ရှိခဲ့ပါတယ်။ ဒါဟာလည်း ဖေဖေက သူချမှတ်ပေးတဲ့လမ်းကို လိုက်နာမှုမရှိခဲ့လို့လို့ အမြဲအပြစ်တင်ပါတယ်။ အင်းလေ ကျွန်မက ကျွန်မ ဝါသနာမပါတဲ့ အလုပ်ကို လုပ်လေ့မှမရှိတာ။ဖေဖေက ကျွန်မကို လာကြည့်တယ်။ ကျွန်မ နှုတ်ခမ်းကို တင်းတင်းစေ့ထားတယ်။ ဟုတ်ပါတယ်၊ စောစောကတည်းက စေ့ထားတာပါ။ ကျွန်မရဲ့ရုပ်ခန္ဓာကို ကျွန်မ ပိုင်တော့တာမှ မဟုတ်တာ။ ဖေဖေ ချက်ချင်း မျက်နှာလွှဲသွားတယ်။မမက ငိုတယ်။ အိုး မမကဖြင့် ငိုတာတောင် လှနေတာပါပဲလား။
မမ ကျွန်မအတွက် တကယ်ပဲ ဝမ်းနည်းလေသလား၊ ဒါမှမဟုတ် ဝမ်းနည်းပြရမယ့်အချိန်မို့ ဝမ်းနည်းတာလား ကျွန်မ မဝေခွဲတတ်ဘူး။ သူတို့ ကာလဒေသကို လိုက်ပြီး အရောင်ပြောင်းတတ်ကြတာမဟုတ်လား။ ညီမလေးကတော့ တကယ့်ဝမ်းနည်းပမ်းနည်း ငိုရှာပါတယ်။ အိမ်မှာလည်း ငိုခဲ့တယ်ဆိုတာ သိသာတယ်။ မျက်နှာလေး ဖောင်းအစ်နေတာပဲ။ အဝတ်အစားလည်း သင့်ရာဆွဲဝတ်လာတဲ့ပုံ။ မမကတော့ စနစ်တကျ ရွေးချယ်ဝတ်လာတာပါ။ အနက်ရောင်လုံခြည်ဆိုပေမယ့် အသားက အကောင်းစားမို့ ပြောင်နေတာပဲ။ အကျီအစိမ်းရောင်နဲ့လဲ ဟပ်နေတာပဲ။ ဆွယ်တာအနက်လေး ထပ်လိုက်တော့ ဘာပြောစရာလိုလဲ။ အသားက ပိုပြီး ဖြူဝင်းထွက်လာသလိုပဲ။
နှုတ်ခမ်းက အရောင်မပါပဲ စိုလက်နေတဲ့ ဆိုးဆေးကို ဆိုးထားတာပဲ။ မျက်ခုံးမွှေးကလည်း ဆွဲထားတယ်လို့ မထင်ရဘူး။ နားကပ်နဲ့လက်စွပ်ကိုလည်း အစိမ်းရောင်လဲဝတ်လာသေးတယ်လေ။“ပန်းတွေပြင်တော့လေ၊ ငါ့ရုံးကလူတွေကို ဆယ့်တစ်နာရီ အရောက်လာဖို့ ပြောထားတာ ” မမက မျက်ရည်တို့သုတ်ရင်း ပြောတယ်။ ဟုတ်ပါရဲ့။ မမရုံးကလူတွေက အင်မတန်အရေးကြီးတာ။ သူတို့ရောက်လာတဲ့အချိန်မှာ အားလုံး လှလှပပ ခမ်းခမ်းနားနားဖြစ်နေဖို့ လိုတယ်။ လူကြီးတစ်ယောက်ရဲ့သမီး၊ ပြီးတော့ မမရဲ့ခင်ပွန်းကလည်း အရာရှိတစ်ယောက်။ သေသူအတွက် မလိုအပ်တော့ဘူးဆိုရင်တောင်မှ ကျန်တဲ့သူတွေအတွက် မျက်နှာပန်းလှဖို့ သိက္ခာရှိဖို့ သိပ်လိုအပ်တာ။နှင်းဆီပန်းတွေက လှလိုက်တာ။
အရောင်က စုံ၊ အနံ့ကလည်း သင်းပျံ့နေတာပဲ။ကျွန်မခန္ဓာတစ်ခုလုံး ပန်းတွေနဲ့ ဖုံးအုပ်သွားတော့တာပဲ။ ပန်းတွေကြားမှာအိပ်နေရသလိုပါပဲ။ ဒီပန်းတွေဟာ ဖေဖေနဲ့မမရဲ့ အရှိန်အဝါကို ဖော်ပြဖို့ ကျွန်မကို ဖုံးလွှမ်းထားကြတာလေ။ ဂုဏ်ဒြပ်အဆောင်ယောင်တွေဆိုရင်တောင် မမှားပါဘူး။ ဒါပေမယ့် ကျွန်မက အလှကြိုက်တော့ ပန်းတွေကြားမှာနေရတာလည်း ကြိုက်ပါတယ်။ တစ်ခုပဲရှိတယ်။ အခုချိန်မှာ ကျွန်မအမျှော်လင့်ဆုံးပန်းက ရောက်မလာသေးဘူး။ အဲဒီပန်းကလေးသာ အချိန်မှီ ရောက်မလာရင် ကျွန်မရဲ့ခန္ဓာကိုယ်ဟာ ဖြောင့်တန်းစွာ လောင်ကျွမ်းနိုင်ပါ့မလား။
ကျွန်မရဲ့ ဝိညာဉ်ဟာ ကျွန်မရဲ့သက်မဲ့ရုပ်ခန္ဓာအပါးမှာ ရစ်ဝဲနေတာ အဲ့ဒီပန်းလေးတစ်ပွင့်ကို စောင့်စားဖို့ပါ။ပထမဆုံး ဖေဖေရဲ့ လုပ်ဖော်ကိုင်ဖက် လူကြီးတစ်ဦးရောက်လာတယ်။ သူ့ရဲ့ဝတ်စားဆင်ယင်ပုံက ဘယ်လောက်ပဲရိုးရှင်းပါစေ၊ သူ့အသွင်ပြင် အမူအရာတွေ … သူစီးလာတဲ့ကားရဲ့ အဆင့်အတန်းတွေကြောင့် သူ ဘယ်လိုလူဆိုတာ သိနိုင်လောက်ပါတယ်။ အဲဒီလိုလူမျိုးတွေရဲ့ အမူအရာကိုက ဘယ်နေရာဘယ်ဒေသမှာဖြစ်ဖြစ် သူတို့ကိုယ်သူတို့ တွင်ကျယ်ဝင်ဆံ့တဲ့ပုံမျိုး ရယူထားတတ်သူတွေလေ။ ဖေဖေတို့လို ပုံစံမျိုးပါပဲ။ ဘယ်လောက်များ အရှိန်အဝါယူထားသလဲဆိုရင် သာမန်ယုံကြည်ကိုးစားမှုမရှိတဲ့သူတစ်ယောက်သာဆိုရင် ဖေဖေ့ရှေ့မှာ အလွန်သေးငယ် ကျုံ့ဝင်သွားနိုင်လောက်တယ်။
“ချစ်ရဲ့ဖေဖေရှေ့မှာ ထိုင်နေရတာ မောင့်ခန္ဓာကိုယ်လေးဟာ သေးသေးလေး ဖြစ်သွားသလိုပဲ” တဲ့။ မောင်က ပြောဖူးတယ်။မောင်ဟာ ကျွန်မတို့မိသားစုကမ္ဘာထဲကို ဝင်ရောက်ဖို့ထားဦး။ မိသားစုနေတဲ့အိမ်ကို ပဏာမ ဝင်ရောက်နိုင်ဖို့ကိုပဲ အတော်သတ္တိမွေးရတယ်တဲ့။”ချစ်ကိုယ်တိုင်က အိမ်မှာ တသီးတခြားပါမောင်ရယ်၊ ချစ်နဲ့ပတ်သက်တဲ့သူတွေကိုလည်း သူတို့က သိပ်မျှော်လင့်ထားပုံ မရပါဘူး” လို့ မောင့်ကို အားပေးရတယ်။ဟုတ်တယ်လေ။ ရုပ်ဆင်းသဏ္ဌာန်ရော၊ ပညာအရည်ချင်းရော မိသားစုထဲမှာ ကျွန်မ အနိမ့်ဆုံးပဲ။ ကျွန်မဟာ ရည်မှန်းချက် နည်းပါးသူ၊ ကြိုးစားမှုမရှိသူရယ်လို့ သူတို့က သတ်မှတ်ထားတာကိုး။ မမလိုလည်း အရာရှိမကြီးဖြစ်မလာဘူး။ ညီမလေးလိုလည်း ဆေးတက္ကသိုလ် ကျောင်းသူ မဖြစ်ခဲ့ဘူး။
ဒါပေမယ့် ကျွန်မဆီမှာ သူတို့မှာမရှိတဲ့ အရည်အသွေးတွေရှိနေတာ သူတို့က အသိမှတ်မပြုဘူး။ အသိမှတ်ပြုဖို့လည်း နားမလည်ကြဘူး။ ကျွန်မက သူတို့ထက်ပိုပြီးလောက အလှကို ရှာဖွေတတ်ခဲ့တာ၊ လူ့လောကထဲမှာ ဖြစ်ပျက်နေတာတွေကို ကျွန်မ တတ်စွမ်းတဲ့ အနုပညာနဲ့ သရုပ်ဖော်နိုင်ဖို့ ကြိုးစားခဲ့တာ။ ဒါကြောင့်လဲ ကျွန်မရဲ့ ပန်းချီကားတွေဟာ တက်ကြွတဲ့ လူငယ်ပန်းချီဆရာတွေကြားမှာ ဂုဏ်ယူဝင့်ကြွားစရာဖြစ်ခဲ့တာ။ ဒါတွေကိုတော့ ဖေဖေက လုံးဝမခံစားတတ်။ အထင်လည်းမကြီးဘူးလေ။ ငယ်စဉ်ကတည်းက ကျွန်မရဲ့အခန်းထဲမှာ ကျွန်မရဲ့ခံစားချက်ကလေးတွေကို ရေးဆွဲချိတ်ထားတတ်တာ။ မမက ဘာတွေမှန်းလည်းမသိဘူး၊ အရူးလိုပဲတဲ့။
ပန်းချီကားဆိုရင်လည်း ပန်းပွင့်လေးတွေ စမ်းချောင်းလေးတွေလောက်သာ မြင်ဖူးတာ။ ကျွန်မရဲ့ ‘ငြိမ်းချမ်းရေး’ ဆိုတဲ့ ပန်းချီကားကို မမက ဘာကြီးမှန်းလဲမသိဘူးတဲ့။ဖေဖေကလည်း ကျွန်မကို ညီမလေးလို ဆရာဝန်ဖြစ်စေချင်တာ၊ ဒါမှမဟုတ်လည်း အဆင့်အတန်းမြင့်တဲ့သူတစ်ယောက်နဲ့ လက်ထပ်စေချင်တာ။ ကျွန်မလုပ်နေတာတွေကို နားမလည်ဘူးတဲ့။ ဘွဲ့တစ်ခုရအောင် ခြောက်နှစ်လောက် ပညာသင်နေရတဲ့ ကျွန်မကိုလည်း စိတ်မရှည်ဘူးတဲ့။ ကျွန်မကတော့ ကျွန်မအနုပညာကမ္ဘာထဲမှာ စိတ်ရောကိုယ်ပါ မြှုပ်နှံထားရတာကို သိပ်ပျော်မွေ့တယ်။ သိပ်ကြည်နူးတယ်။ကျွန်မနဲ့မောင်ဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်နားလည်ကြတယ်။ သိပ်စိတ်ရှည်ကြတယ်။
ကျွန်မတို့နှစ်ယောက်လုံးက အနုပညာဆန်တဲ့အိမ်ကလေး တစ်လုံးထဲမှာ အတူနေဖို့ ဆုံးဖြတ်ထားကြတယ်။ ကျွန်မတို့ဘဝထဲမှာ အနုပညာမြောက်တဲ့ ပန်းချီကားချပ်ကလေးတွေရှိရင် ပြည့်စုံပြီလေ။ဒါပေမယ့် ဖေဖေက ပြောတယ်။ “သမီးရယ် စိတ်ကူးမယဉ်နဲ့”တဲ့။ “ဒီသူငယ်လိုပုံစံမျိုးနဲ့ သမီးဘဝ ဘယ်တော့မှ ပြည့်စုံလာမှာမဟုတ်ဘူး”တဲ့။ “သမီးမေမေ မရှိတည်းက ဖေဖေက သမီး သုံးယောက်စလုံးကို အထက်တန်းရောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တာ ဒီလို ကလေကချေဘဝမှာ ပျော်ပိုက်ဖို့ မဟုတ်ဘူး”တဲ့လေ။အနုပညာဘဝကို အထင်မကြီးတတ်တဲ့ဖေဖေတို့က အိမ်ဦးခန်းမှာ မြန်မာမှု မြန်မာ့ဟန် ပန်းချီကားတွေ၊ စောင်းကောက်ကြီးတွေ၊ ရှေးဟောင်းပန်းပုရုပ်တွေ စာအုပ်စင်ကြီးတွေကိုတော့ တခမ်းတနား ထားတတ်သားပဲနော်။
ဒါတွေဟာ ဖေဖေတို့ ဂုဏ်သိက္ခာမြင့်မားအောင်၊ လူတွေ အထင်ကြီးလေးစားအောင် သည်ပညာရှင်ကြီးတွေရဲ့ လက်ရာနဲ့ အကာအကွယ်ယူထားရတယ်ဆိုတာ ထင်ရှားမနေဘူးလားဟင်။ အစပထမမှာတော့ ကိုယ့်ကိုကိုယ် စွန့်လွှတ်ခြင်း အနစ်နာခံခြင်းတွေ မြှုပ်နှံကြိုးစားရခြင်းတွေနဲ့ ရင်းခဲ့ရတယ်ဆိုတာ ဖေဖေနားလည်ဖို့ကောင်းပါတယ်။ ဒီလိုကြိုးစားနေရဆဲ ကာလကို ဖေဖေက ကလေကချေဘဝလို့ သတ်မှတ်လေသလား။ အနာဂတ်အတွက် အားပေးအားမြှောက် မပြုသင့်ပေဘူးလား ဖေဖေရယ်။အခုတော့လည်း ကျွန်မရဲ့ ရုပ်ကလာပ်ရှေ့မှာ ကျွန်မရဲ့ ပုံတူပန်းချီကားတစ်ချပ်ကို တင်ထားဖို့ သူတို့ သတိရသေးသားပဲနော်။ ဒီပန်းချီကားကို မမက ယူလာတာ သိပ်အံ့ဩဖို့ကောင်းတယ်။
ဒီလိုနေရာမျိုးမှာ လူပုံအလယ်မှာ ဒါကို ဂုဏ်ယူစရာလို့ သိနေသေးတဲ့ သူတို့ကိုပဲ ကျေးဇူးတင်ရသေးတယ်။ ဒါပေမယ့်လည်း တစ်ဖက်ကစဉ်းစားကြည့်ရင် ကျွန်မရဲ့ အချစ်သင်ကေတလေးကို သူတို့ရဲ့ ဂုဏ်ပကာသနအတွက် အသုံးချခံရလို့ စိတ်နာစရာတောင်ကောင်းသေးတယ်။ ပြီးတော့ ဒါဟာ မောင့်လက်ဆောင်၊ တစ်ခုတည်းသော အမှတ်တရပစ္စည်းလေးလေ။“မောင်အချိန်မဖြုန်းနိုင်တော့ဘူး၊ ချစ်ရဲ့အသိုင်းအဝိုင်းက အသိအမှတ်ပြုတဲ့နေ့ရောက်အောင် မောင်ကြိုးစားမယ်၊ မောင့်ဇာတိမြေကိုပြန်ပြီး မောင်အလုပ်လုပ်မယ်၊ ပြည့်ပြည့်စုံစုံဖြစ်မှ ပြန်လာမယ် ချစ်”“ ချစ်ရင်ထဲက အမြဲအောင့်နေတာ အဆုတ်ရောဂါလို့ ထင်ပါရဲ့၊ ချစ် သေသွားရင်တောင် မောင့်မျက်နှာကို မြင်လိုက်ရပါ့မလား”
“မသေပါနဲ့ဦး ချစ်ရယ်၊ ချစ်သေသွားရင် မောင်က ပန်းကလေးတစ်ပွင့်က လွဲပြီး ဘာမှ ပေးလိုက်နိုင်မှာ မဟုတ်ဘူး” တဲ့။ကျွန်မတို့နှစ်ယောက် ခွဲရတာ အကြာကြီးပါပဲ။ ဖေဖေတို့ မမတို့ကတော့ မောင်ဆိုတာ ကျွန်မရဲ့ဘဝထဲက အပြီးတိုင် ပျောက်ကွယ်သွားပြီလို့ ထင်နေကြတာ။“နင်လုပ်ချင်တာတွေလုပ်နေတာတော့ ဟုတ်ပါရဲ့၊ အိမ်ထောင်လေးဘာလေး ပြုပါတော့လား၊ နင့်အသက်မငယ်တော့ဘူး” တဲ့။“ငါက ဘယ်သူ့ကိုယူရမှာလဲ ” ဆိုတော့ …“နင့်ကို ငါ့ရုံးကအရာရှိတယောက်နဲ့ စပ်ပေးမှာပေါ့” တဲ့။“လင်တစ်ယောက်ကို ရှာဖွေစပ်ဟပ်ပြီးမှ ယူရမယ့်ဘဝမျိုးတော့ ဘယ်တော့မှ မလိုချင်ဘူးဟေ့” ဆိုတော့ …မမ မျက်နှာ အကြီးအကျယ် ပျက်သွားတယ်။ သူ့ကို တိုက်ရိုက်ထိပါးသွားတာကိုး။“
နင်တော်တော် ကြီးကျယ်တယ်” တဲ့။ “အေး လူကသာ ဘာမှမဟုတ်တာလို့ ပြောပါဦးလား”အဲ့သည်နောက် မမနဲ့ တော်တော်ကြာ စကားမပြောဖြစ်ကြဘူး။ ပြပွဲတင်ဖို့ ပန်းချီကားတွေ ရေးနေရတယ်။ ကျွန်မအခန်းထဲကို မမက ဘယ်တော့မှ မလာဘူး။ ပန်းချီကားတွေကြည့်ရတာ ခေါင်းမူးတယ်တဲ့။ ကျွန်မကလည်း မမ အသိုင်းအဝိုင်းက လူတွေနဲ့ တွေ့ရတာ၊ သူတို့ပြောတဲ့စကားတွေ နားထောင်ရတာ ခေါင်းမူးတာပါပဲ။အအိပ်ပျက် အစားပျက်ဒဏ်နဲ့ ကျွန်မ အိပ်ရာထဲလဲမှ မမလည်း စကားပြောဖော်ရတယ်။ ဒါတောင် ညီမလေးကပြောမှ ကျွန်မနေမကောင်းဘူးဆိုတာ သိတာ။ ဖေဖေကတော့ အမြဲအလုပ်များနေတတ်တာ။ နိုင်ငံခြားတောင် တစ်ခေါက်ထွက်သွားသေးတယ်။ ဖေဖေပြန်လာမှ ဆေးရုံတင်ဖို့ စီစဉ်တယ်။ ကျွန်မ အပြင်းအထန်ငြင်းတယ်။ ကျွန်မအလုပ်က မပြီးသေးဘူးလေ။ နည်းနည်းကျန်သေးတယ်။
အဲဒါ မပြီးဘဲ ကျွန်မ မသေနိုင်ဘူး။ ကျွန်မစိတ်က အလိုလိုသိတယ်။ တချိန်တည်းမှာ မောင်လည်းပဲ အပြင်းအထန်ကြိုးစားနေမှာ၊ ကျွန်မ ဗြုန်းခနဲ ဝမ်းသာရအောင် မောင်က အလုပ်နဲ့ သက်သေပြမှာ။ ကျွန်မတို့နှစ်ယောက် အကြံတူနေပြီဆိုတာ သိတယ်။ မောင်နဲ့ကျွန်မ ဘယ်လောက်ပဲဝေးနေနေ အမြဲတမ်း စိတ်ချင်း အဆက်အသွယ်ရှိတယ်။ မောင်နဲ့ ကျွန်မ အလွန်ခမ်းနားဆန်းကြယ်တဲ့ အနုပညာပြခန်းလေးမှာ ပြန်ဆုံကြမှာလေ။ အဲဒီအချိန်မှာ လူတွေက ကျွန်မတို့နှစ်ယောက်ကို အလွန်အံ့ဩဝမ်းမြောက်စွာနဲ့ ချီးမွမ်း ဂုဏ်ပြုကြလိမ့်မယ်။
ကျွန်မတို့နှစ်ယောက်က ပီတိအပြုံးတွေနဲ့အတူ ကြည်နူးနှစ်သိမ့်နေကြမယ်။ဒါပေမယ် ကျွန်မ နောက်ဆုံးအင်အားတစ်ရပ်ကို အစွမ်းကုန် သုံးပြီးလိုက်တဲ့အချိန်မှာ နေရာမှာ ပုံကျသွားတော့တာပဲ။ ဒီအချိန်မှာမှ ဆေးရုံကိုပို့ချင်ပို့တော့ ဆိုတော့ ဖေဖေက ဒေါသတကြီး အော်တော့တာပဲ၊ မိုက်လိုက်တဲ့သမီး၊ ခေါင်းမာလွန်းတဲ့သမီးတဲ့။ဟော အခုတော့လည်း ဖေဖေက သောကမျက်နှာကို အပြုံးနဲ့ဖုံးပြီး လုပ်ဖော်ကိုင်ဖက်တွေကို ဧည့်ခံနေတယ်။ အားလုံးက ပန်းတွေကြားက ကျွန်မကို တစေ့တစောင်း လာကြည့်ကြတယ်။ ဖေဖေ့မှာ ကျွန်မလို သမီးတစ်ယောက်ရှိတယ်ဆိုတာ အခုမှ သိကြတာ။ သူတို့သိတာ အရာရှိမမရယ်၊ ဆေးကျောင်းသူ ညီမလေးရယ်။ ကျွန်မ ဘာလုပ်သလဲဆိုတဲ့ မေးခွန်းကိုတောင် သူတို့ မမေးကြဘူး။ ယဉ်ကျေးမှုအရထင်ပါရဲ့။ ဖေဖေတို့ မမတို့ကလည်း ကျွန်မဘာလုပ်တယ် ဆိုတာ မပြောကြဘူး။
ဧည့်သည်တွေကို လူစုံအောင် ပြန်နှုတ်ဆက်ရ၊ တခြားစကားတွေ ပြောရတာနဲ့တင် မအားရတော့ဘူးလေ။ ဪ… ပန်းခွေတွေကိုလည်း နာမည်တစ်ခုပေါ်တစ်ခု မထပ်ရအောင် အားလုံး မြင်သာအောင် စီစဉ် နေရာချနေရသေးတာ။လူတွေများလာပြီ။ အချိန်ကလည်း သိပ်နီးနေပြီ။ တချို့ကဆို နာရီကိုတောင် မသိမသာခိုးကြည့်နေပြီ။ ဒါပေမယ့် ကျွန်မအမျှော်လင့်ဆုံးအရာက ရောက်မလာသေးပါလား။ ကျွန်မနဲ့ပတ်သက်တဲ့လူနည်းစုလေးက တစ်နေရာမှာ စုဝေးပြီး ငြိမ်သက်စွာ ထိုင်နေကြတယ်။ လူတွေအများကြီးထဲမှာ ကျွန်မချစ်တဲ့လူစုက နည်းနည်းလေးပဲ။ အဲ့ဒီနည်းနည်းလေးကပဲ ကျွန်မအပေါ်ထားရှိတဲ့ မေတ္တာစေတနာ အပြည့်ရှိတယ်လို့ ထင်တယ်။
သူတို့သာလျှင် ကျွန်မလောကကြီးထဲက ထွက်သွားတာကို နှမျောတသကြသူတွေ။ ကျန်လူတွေကတော့ လောကကြီးမှာ ကျွန်မ ရှိခြင်း မရှိခြင်းအတွက် ဘာမျှအကြောင်းမထူးပါဘူး။အဲ့ဒီလူနည်းစုထဲကမှ တစ်ယောက်သောသူကို ကျွန်မ အမျှော်လင့် အတောင့်တဆုံး။ ဒါကိုတော့ သူတို့နားလည်ခွင့်လွှတ်ကြမှာပါ။ ကျွန်မဆန္ဒကိုလည်း ပြည့်ဝစေချင်ကြမှာပါလေ။အချိန်က တဖြည်းဖြည်းနီးကပ်လာပြီ။ ကျွန်မရဲ့ ရုပ်ခန္ဓာဟာ မကြာခင် လောင်ကျွမ်းပျက်စီးတော့မယ်။ ကျွန်မရဲ့ ဝိညာဉ်ဟာလည်း လွင့်ပါးထွက်ခွာရတော့မယ်။ နောက်ထပ်မှီခိုရာ ရှာဖွေရမယ်။ သံသရာက မလွတ်သရွေ့ ဘဝအဆက်ဆက် ကျင်လည်ရမယ်။ အဲဒီလို နောက်ဘဝလေးတစ်ခု မကူးခင် ကျွန်မရဲ့ ဆန္ဒလေးတစ်ခုတော့ ပြည့်သွားချင်ပါသေးတယ်။ ကျွန်မရဲ့ဆန္ဒတွေ ဆုံးရှုံးတော့မှာလား။မမရဲ့နောက်ဆုံးငိုရှိုက်သံကိုတောင် ကြားနေရပြီ။
သူ့အသိုင်းဝိုင်းအပေါင်းသင်းတွေက ဖေးမနှစ်သိမ့်နေလေရဲ့။ ရယ်စရာပါပဲ။ဖေဖေက ကျွန်မ မျက်နှာကို နောက်ဆုံး ကြည့်တယ်။ တကယ် သောကရောက်နေပုံပဲ။ ဖေဖေ့သောကကတော့ သမီးတစ်ယောက်ဟာ သူလိုရာပုံစံမဝင်ဘဲ လူလောကက ထွက်ခွာသွားပြီရယ်လို့ ကရုဏာဒေါသောယှဉ်နေတဲ့ပုံပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မကဘဝကို ကျွန်မကျေနပ်တယ်။ လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီ။ ဒါတွေကို အကောင်ထည်ဖော်ဖို့ တစ်ယောက်ယောက်ကိုတော့ တာဝန်ပေးခဲ့ချင်တယ်။ မောင်ပဲဖြစ်လေမလား။ ညီမလေးကိုတော့ မှာခဲ့ပါတယ်။“ငါသေသွားရင် ငါ့ပန်းချီကားတွေ ပြပွဲတင်နော်”“မမကလဲ သိပ်စိတ်ကူးယဉ်တာပဲ”“ဒါစိတ်ကူးယဉ်တာမဟုတ်ဘူး မိငယ်၊ လူဆိုတာ ဘာကိုမဆို မျှော်လင့်ထားရတယ်၊
မသေခင် ငါဟာ တစ်ခုခုကို လုပ်သွားတယ်ဆိုတာ ဖေဖေသိစေချင်တယ်၊ ငါဟာ ကလေကချေနေခဲ့တာ မဟုတ်ဘူးဆိုတာ ဖေဖေသိရမယ်”“မမက သိပ်စိတ်ကြီးတယ်နော်”ဪ ညီမလေးက ကျွန်မကို နားလည်သားပဲ။ အခုလည်း ညီမလေး ငိုနေပြီ၊ သူ တကယ်ငိုနေပြီ။ ကျွန်မရင်ထဲက အောင့်ပြီး ချောင်းဆိုးရင် သွေးစတွေပါလာတာ သူအချိန်နှောင်းမှ သိရတယ်လေ။ဟော သူတို့ ကျွန်မအနားကို ရောက်လာပြီ။ ကျွန်မကို ပန်းတွေကြားက မ,ယူနေကြပြီ။ သေတ္တာရှည်ရှည်ထဲ ထည့်နေကြပြီ။ အို … နေပါဦး။ ကျွန်မရင်ခွင်မှာ ပန်းကလေးတစ်ပွင့် သယ်ဆောင်သွားဖို့ ကျန်နေသေးလို့ပါ။ စောင့်ကြပါဦးနော်။အချိန်နဲ့ တိတိကျကျ လှုပ်ရှားနေရတဲ့ မြို့ပြအရိပ်အောက်ကလူတွေဟာ ကြာကြာဟန်မဆောင်နိုင်ကြဘူး။
ဒီရုပ်ခန္ဓာကို မီးလောင်ကျွမ်းစေချင်ပြီ။ မြန်မြန်ကိစ္စပြီးစေချင်ပြီ။ သူတို့မှာ လုပ်စရာတွေအများကြီး ရှိသေးတယ်။ ဒီနေရာက ဝတ်ကျေဝတ်ကုန် နှုတ်ဆက်ပြီး အိမ်ပြန်ချင်လှပြီဆိုတာ သိသာလွန်းတယ်။ကျွန်မရဲ့ရုပ်ခန္ဓာကို သယ်ဆောင်စပြုပြီ။ တရွေ့ရွေ့ သယ်ဆောင်ကြပြီ။ မျှော်လင့်ချက်တွေ ဆိတ်သုဉ်းကုန်ပါပြီ။ ဒီဘက်ကမ်းနဲ့ဟိုဘက်ကမ်းဟာ အနီးလေးပါလား။ ခရီးဟာ ဆုံးပြီ။ ငါးမိနစ်တာ အချိန်ကာလတွင်း လူတွေ ငြိမ်သက်စွာ လမ်းလျှောက်နေကြတယ်။ ရောက်ပြီ။နောက်ဆုံးအကြိမ်ဖြစ် ကျွန်မရဲ့ ရုပ်အလောင်းကို ဖွင့်ကြည့်နေကျပြီ။ အို… ဖယ်ကြစမ်းပါ။
ခဏလေး ဖယ်ကြစမ်းပါ။ ခဏလေး ဖယ်ကြစမ်းပါ။ ကျွန်မကို တကယ်တန်ဖိုးမထားတဲ့သူတွေ၊ ဟန်ဆောင်လောကဝတ်ပြုနေသူတွေ ဖယ်ကြပါဦးရှင်။ သူလာနေပြီလေ။ မောင် လာနေပြီ။မောင့်လက်ထဲမှာ နှင်းဆီပန်းလေးတစ်ပွင့်၊ မောင့်ရဲ့ခြေလှမ်းတွေက လေးကန်လှချည့်။ မြန်မြန်လာပါမောင်ရယ်။ မောင့်ကို ဖယ်ပေးလိုက်ကြပါ။မောင် ကျွန်မအနား တိုးလာတယ်။ ကျွန်မချစ်သော မိတ်ဆွေတစ်စုက မောင့်ကို ကျွန်မ အနားရောက်အောင် တွန်းပို့ပေးလိုက်ကြတယ်။ မောင် ကျွန်မ မျက်နှာလေးကို အနီးကပ် ငုံ့ကြည့်တယ်။ နောက်ဆုံးတော့ မောင်ရောက်လာခဲ့ပြီနော်။ မငိုပါနဲ့ မောင်ရယ်။ကျွန်မရဲ့ ရင်ခွင်ထက်မှာ မောင် တင်ပေးတဲ့ ပန်းလေးတစ်ပွင့်ကို သယ်ဆောင်ပြီး ကျွန်မက ဘဝကူးတံခါးကို ဖြတ်ဖို့ အရှိန်အဟုန်ပြင်းလှတဲ့ မီးတောက်မီးလျှံတွေကြားကို ကျေနပ်စွာ တိုးဝင်ခဲ့ပါတော့တယ်။
မိုးမိုး(အင်းလျား)