တစ်သက်မှာ သုံးကြိမ်သာပြုံးတယ်ဆိုတဲ့သူ (သို့) ရမည်းသင်းစား သီလဝ

တစ်သက်မှာ သုံးကြိမ်သာပြုံးတယ်ဆိုတဲ့သူ (သို့) ရမည်းသင်းစား သီလဝ

 

 

 

အင်းဝကို တည်ထောင်သူ သတိုးမင်းဖျားသည် သက္ကရာဇ် ၇၂၉ ခုနှစ် တွင် ကွယ်လွန်သွားသဖြင့် မှူးမတ်အပေါင်းတို့ တိုင်ပင်ကာ လက်ရုံး ရည် နှလုံးရည်နှင့် ပြည့်စုံသူ ရမည်းသင်းစား သီလဝအား မင်းပြုတော်မူရန် တောင်းပန်ကြကုန်၏။ သီလဝက-“ငါသည် တစ်နေ့ကို စကား သုံးလေးခွန်းမျှမပြော ၊ မင်းအဖြစ်ကိုလည်း အလိုမရှိ ၊ ငါ့ကိုမင်းမမြှောက်နှင့်၊ ငါ၏ယောက်ဖတော် အမြင့်မင်း စော်ကဲသည် နှလုံးရည် လက် ရုံးရည်နှင့် ပြည့်စုံ၏ ၊ သို့ကြောင့် သူ့အားမင်းမြှောက်လေ” ဟု ဆို၏။ မှူးမတ်တို့လည်း သဘောတူ၍ စော်ကဲကို မင်းမြှောက်ကြလေသည်။ ထိုမှစ၍ မကြံရွယ်ပဲဖြစ်လာသည်ဟု အဓိပ္ပါယ်ရသော “မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်” ဟူသော စကားပုံလည်း ပေါ်ပေါက်လာလေသည်။သီလဝသည် အလွန်စကားနည်း၍ ဣန္ဒြေကြီးကာ မိမိလုပ်စရာရှိသည့် အလုပ်ကိုသာ ဂရုစိုက်တတ်သူ ၊ သူတစ်ပါးအား ဂရုစိုက်လေ့မရှိသူ ဖြစ်သည်။ ၇၅၄ ခု တွင် မိုးညှင်း သိုဟန်ဘွားသည် မြေဒူးမြို့ကို အလုံးအရင်း နှင့် ဝင်တိုက်လေသည်။ အင်းဝတပ်များခုခံသော်လည်း အားမတန်သဖြင့် စစ်ကိုင်းနှင့် အင်းဝသို့ ဆုတ်ကာ ခုခံနေရ၏။မင်းကြီးလည်း တောင်ငူစား၊ တောင်တွင်းစား၊ ပေါက်မြိုင်စား ၊ ရမည်းသင်းစား၊ ၀တီးစား ၊ ညောင်ရမ်းစား ၊ ပင်လယ်စားတို့ကို စစ်ကူခေါ် ရတော့သည်။ ထိုသို့ခေါ်နေစဉ် အများမရောက်မီမှာပင် ရမည်းသင်းစား သီ လဝ နှင့် သူ၏တပ်သည် ထီးပေါင်းကားကို ကူး၍ အပြင်းချီကာ စီးတော်ဆင် စောရဲစွာဖြင့် ဝင်တိုက်လေတော့သည်။ ထိုအခါ ရှမ်းတပ်များထိတ်လန့်ကာ မခုခံနိုင်တော့ပဲ ရှမ်းတပ် ၁၅ တပ်လုံး ပျက်လေတော့သည်။သီလဝလည်း ရှမ်းတပ်တို့ကို အောင်မြင်ပြီးလျှင် စစ်ပွဲမှရသော ဆင်၊ မြင်း ၊ လူသူလက်နက် စသည်တို့ကို ဘုရင့်ထံသို့ လူလွှတ်ဆက်သစေကာ သူကတော့ အခစားမဝင်တော့ပဲ ရမည်းသင်းသို့ ပြန်လေသည်။ မင်းကြီးလည်း သူကိုပမာမခန့်ဟု ဆိုကာ စိတ်မသက်မသာရှိလေသည်။ စည်းတပြစ်အမတ်ကြီး(ဖိုးရာဇာ) အား ခေါ်၍ တိုင်ပင်ကာ “သီလဝ ငါ့ကို မခန့်ငြားလေသလော”

 

 

 

ဟု မေးတော်မူရာ အမတ်ကြီးက –“အရှင်မင်းကြီး ဆင်ခြင်တော်မူပါလော့။ ရှေးက ပသေနဒီကောသလမင်းကြီးတွင် “သန္တတိ” အမည်ရှိသော အမတ်ကို ရွာငယ်ဇနပုဒ်ကို အောင်နိုင်ရုံမျှဖြင့် ထီးဖြူမြှောက်ကာ မင်းစည်းစိမ်ကို ခုနှစ်ရက်ပေးဖူးလေသည်။ ယောက်ဖတော် သီလဝကား လူမှု၌ မကျေပွန်။ ဘာသာနေတတ်သူဖြစ်၍ ခြေတော်ကိုဦးမခိုက်သော်ငြား အလုပ်ကို ဂရုစိုက်၍ လုပ်တတ်သူ ဖြစ်ရကား အမျက်တော်မရှသင့်ပါ” ဟုလျှောက်မှ အမျက်တော်ပြေကာ သီလဝဆီသို့ ဆုလာဘ်များစွာပေးပို့လေသည်။ဤသို့ တည်ကြည်စကားနည်းသော သီ လဝသည် တစ်သက်တာလုံးတွင် သုံးကြိမ်သာ ပြုံးသည် ဟု ဆိုကြလေသည်။အခါတစ်ပါး တောသားတစ်ယောက်သည် ကြက်လက်ဆောင် ဆက်မည်ဟု သီလဝအိမ်သို့လာရာ သီလဝကို မမြင်သဖြင့် ပြန်ဆင်းသွားလေသည်။ သီလဝ၏ ဇနီးစောပုလဲမြင်လျှင်“ငါသည် သီလဝ၏ မ ယားဖြစ်ပါလျက် ငါ့ကိုမဆက်ပဲ ပြန်သွားလေသည် ၊ ငါတို့မိန်းမတို့သည်ကား ယောကျ်ားတို့ ဘုန်းကို မှီလျက် အသက်မွေးရချေသည်တ ကား” ဟု သီလဝ လာသောအခါ ရွှေဖလားနှင့် ဆီး၍ ခြေကိုရေဆေးလေသည်။ ထိုအခါသီလဝက “ယနေ့ ငါ့မယား ထူးခြားလှပေသည်တကား” ဟု ပြုံးတော်မူ၏။တစ်ခါကလည်း မြို့ထိပ်တွင် နေပူစာလှုံနေခိုက် ရဟန်းလူထွက်တစ် ယောက်သည် ခေါင်းပေါင်းနှင့်တွက် ကျုံးထဲရေငုပ်၍ ချိုးသည်ကို သီလ ၀မြင်လျှင် ရယ်လေ၏။နောက် တစ်ကြိမ်က ရမည်းသင်းမြို့ဝန်းကျင်သို့ ရှမ်းစစ်သည်များ ရောက်လာသည်ကို သီလဝက ကြက်ပွဲကမထ ဂရုမစိုက်ဘဲနေလေလျှင် မယားဖြစ်သူစောပုလဲမှာ အလွန်စိုးရိမ်ကာ ဖိုသီဘတ်သီ၊ ဆံပင်ဖားလျား နှင့် “ရန် သူအပြည့် မြို့ပြင်က ရှိသည်ကို ဂရုမပြုပဲ ကြက်ပွဲမှာသာ သို့စင်နေဘိ သလော” ဟု ပြေးလာသည်ကို မြင်ရာ “ငါ့မယား ဗျာပါကြီးလှလေတကား” ဟု ပြုံးရယ်လေ၏။ ပြီးမှ သူ၏ တပ်နှင့်ဆေးဆေးစွာထွက်တိုက်ရာ အောင်မြင်လေ၏။ သီလဝသည် ထိုသို့သော လူမျိုးပင်ဖြစ်ပါတော့သည်။( ဒါကို ဖတ်ပြီး တစ်သက်မှာ သုံးကြိမ်ပဲပြုံးတယ်လို့ ဆိုရအောင် မင်းလိုက်ကြည့်ထားလို့လား လို့မေးရင် ကျွန်တော်လည်း မဖြေတတ်ပါ။ ဖြစ်နိုင်တာက အပြုံးအရယ်နည်းပြီး အလွန်တည်ကြည်စွာ နေတတ်တာကို တင်စားပြီး ရေးထားခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ ဒီဘက်ခေတ်မှာလည်း ဒီလိုလူတစ်ယောက်ရှိပါသေးတယ်။ သူကတော့ Tess Christian ဆိုတဲ့ အင်္ဂလန်သူဖြစ်ပါတယ်။ သူမကတော့ အ သက် ၁၀ နှစ်က စလို့ အသက် ၅၀ကျော် အရွယ်အထိ နှစ်ပေါင်း ၄၀ ကြာ မပြုံးမရယ်ပဲနေခဲ့ပါသတဲ့။ အကြောင်းကတော့ သူမအလှပျက်သွားမှာစိုးလို့ပါတဲ့။ )ကိုးကား – မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ – ဦးဖိုးကျား

 

Credit – မူရင်း

 

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.