အင်းလေး ကန်ထဲမှာ မြှုပ်နေသော နှစ်ရာချီသက် တမ်းရှိတဲ့ ရှေးဟောင်း စေတီတွေရှိရာ စံကားမြို့ဟောင်း အကြောင်း
အင်းလေးကန်ထဲမှာ ရေမြှုပ်နေတဲ့မြို့နဲ့ စေတီပုထိုးတွေရှိတယ်ဆိုတာသိကြလား ပုံစံအမျိုးမျိုးရှိတဲ့ ရှေးဟောင်းစေတီတွေ အင်းလေးရေပြင်ထဲမြှုပ်နေတာ သိပ်ကိုထူးဆန်းတဲ့မြင်ကွင်းပေါ့…အဲ့ဒီမြို့လေးကတော့ စံကားဆိုတဲ့မြို့လေးပါ။
အင်္ဂလိပ်လိုဆိုရင်တော့ Sam Kar လို့ပေါင်းပါတယ်။ စံကားလို့ပေါင်းပေမဲ့ စကားလို့ အသံထွက်ပါတယ်။စံကားမြို့လေးက အင်းလေးကန်တောင်ဖက်ပိုင်း အင်းလေးကန်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိပါတယ်။
လူဦးရေ ၁၅၀၀ လောက်ပဲရှိတဲ့ မြို့သေးလေးတစ်မြို့ဖြစ်ပြီး ရှမ်း၊ ပအိုဝ့်၊ အင်းသားလူမျိုးတွေနေထိုင်ကြပါတယ်။ ဟိုးတစ်ချိန်တုန်းကတော့ ရှမ်းပြည်တောင်ပိုင်းမှာ အချမ်းသာဆုံး ဖြစ်ခဲ့ဖူးတယ်တဲ့လေ။ဘာလို့ ရေမြှုပ်နေရသလဲ
၁၉၇၀ ခုနှစ်လောက်တုန်းက လောပိတရေအားလျှပ်စစ်စက်ရုံအတွက် မိုးဗြဲဆည်ကို တည်ဆောက်ချိန်မှာ ရေမြှုပ်သွားခဲ့တာပါ။ စံကား၊ ဖယ်ခုံအပြင် အင်းလေးတောင်ပိုင်းကရွာပေါင်းများစွာရယ် ဘီလူးချောင်းတလျှောက်က ရွာတွေရယ် ရေမြုပ်သွားတယ်လို့သိရပါတယ်။
ရွာမှာနေထိုင်သူတွေဟာ မိမိ အိုးအိမ်စည်းစိမ်တွေကို စွန့်လွှတ်ပြီး ရေလွတ်ရာကို ပြောင်းရွှေ့ကာ ရွာတည်နေထိုင်ခဲ့ကြရတယ်တဲ့လေ။ အခုလက်ရှိ စံကားမြို့ကတော့ အသစ်တည်ထားတဲ့ မြို့ကြီးပေါ့။
မြန်မာတစ်နိုင်ငံလုံးက မြို့ကြီးတွေ လျှပ်စစ်မီးရအောင် ရွာအမြှုပ်ခံခဲ့ရပေမဲ့ သူတို့ကိုယ်တိုင်မှာတော့ အခုထက်ထိ လျှပ်စစ်မီးမရရှိသေးဘူးတဲ့လေ။ စိတ်မကောင်းစရာပဲနော်။ဘာတွေလည်စရာရှိလဲ စံကားလှေဆိပ်ရှိရာ ဘုန်းကြီးကျောင်းဝင်းမှာတင် ရှေးဟောင်းဘုရားတွေရယ်၊ ရေထဲမြှုပ်နေတဲ့ ဘုရားတွေရယ် တွေ့နေရပါပြီ။
လှေဆိပ်မှာ စားသောက်ဆိုင်ငယ်တွေရှိသလို ကမ်းနားက စားသောက်ဆိုင်ကနေ အင်းလေးကန်ရှုခင်းကြည့်ပြီးလည်း စားသောက်နိုင်ပါတယ်။ ကိုယ်တွေကတော့ လှေဆိပ်ကနေ လှေစီးလုံးငါးခ ၂၀၀၀၀ ကျပ်ပေးပြီး အင်းထဲက တာခေါင်မွေတော်ဘုရားနဲ့ နတ်တာရိုးတို့ကိုလည်ပတ်ခဲ့ကြပါတယ်။
“တာခေါင်မွေတော်ဘုရား” တာခေါင်မွေတော်ဘုရားက မွေတော်ကက္ကူဘုရားတွေလို၊ ရွှေအင်းတိမ်ဘုရားတွေလို ပုံသဏ္ဏာန်အမျိုးမျိုးရှိတဲ့ ရှေးဟောင်းဘုရားတွေအများကြီး စီစီရီရီရှိနေတဲ့ စေတီစုပါ။ စေတီနားလှေကပ်လာတဲ့အခါမှာတော့ ရေထဲမြှုပ်နေတဲ့ စေတီတချို့က စီးကြိုလို့နေပါတယ်။
ကန်စပ်မှာရှိတဲ့ စေတီမုခ်ဦးဝက ခြင်္သေ့ကြီး၂ကောင်ကလည်း အင်းလေးကန်ကြီးကို လှမ်းမျှော်နေသယောင် မြင်ကွင်းက ဆွေးစရာပါ။ရဲရဲနီအောင်ပွင့်နေတဲ့ပန်းခင်းတွေနောက်မှာတော့ စေတီတွေ၊ စေတီတွေ အများကြီး လှမ်းမြင်နေရပါတယ်။
စေတီပေါင်း ၂၃၆ဆူတောင်ရှိပြီး စေတီအများစုက လွန်ခဲ့တဲ့ နှစ် ၆၀၀ကျော်ကတည်ထားခဲ့တာတဲ့လေ။ အဲ့ဒီထဲကမှ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်ထားခဲ့တဲ့စေတီကြီးကတော့ ဗိသုကာလက်ရာကအစ ဆန်းကြယ်လို့နေပါတယ်။ ရွှေရောင်စေတီကြီးကလည်း ရှေးဟောင်းစေတီတွေအကြား သပ္ပါယ်စွာ ရှိလို့နေပါတယ်။
“နတ်တာရိုး” နတ်တာရိုးကတော့ အင်းလေးကန်အရှေ့နဲ့အနောက်ကို ကန့်လန့်ဖြတ်ထားတဲ့ သဘာဝကျောက်တံတိုင်းကြီးပါ။ လှေဆိပ်ကနေ မိနစ်၂၀လောက်လှေစီးရပါတယ်။ ဒီတာရိုးကြီးမှာ ပါးစပ်ရာဇဝင်တစ်ခုရှိပါတယ်။ ဒေသခံတွေကတော့ နတ်တို့ဖန်ဆင်းထားတယ်လို့ ပြောစမှတ်ပြုကြတာပေါ့။
ဟိုးရှေးရှေးတုန်းက အင်းလေးကန်ရဲ့ အရှေ့ရေထွက်ပေါက်နဲ့ အနောက်ရေထွက်ပေါက်ကို နတ်သား၂ပါးနဲ့ နတ်သမီး၁ပါးတို့က ကိုယ်စီစောင့်ရှောက်ထားကြပါတယ်တဲ့။ နတ်သားထဲကတစ်ပါးက နတ်သမီးကို ချစ်ခင်စုံမက်လို့ သွားကမ်းလှမ်းတဲ့အခါ မိုးမလင်းခင် ရေထွက်ပေါက်၂ခုကို တံတားတစ်စင်း အပြီးဆောက်ပေးရင်လက်ခံမယ်လို့ ပြန်ပြောပါသတဲ့။
နတ်သားလည်း အားကြိုးမာန်တက်နဲ့ အပြီးဆောက်တာပေါ့။ ဒါပေမဲ့ နတ်သမီးလေးက လက်မဆက်ချင်တာကြောင့် ကြက်တစ်ကောင်ကို မိုးမလင်းခင် တွန်ဖို့စေခိုင်းခဲ့သတဲ့လေ။
ကြက်တွန်သံလည်းကြားရော မိုးလင်းပြီအမှတ်နဲ့ နတ်သားလေး လက်လျှော့သွားတာကြောင့် တံတားက မပြီးမပြတ်ဖြစ်နေတာတဲ့လေ။ ဒါကြောင့်လည်း တာရိုးက အနောက်ဘက်ကမ်းအထိမရောက်ဘဲ အင်းလေးကန်အလည်မှာ ပြတ်သွားတာကိုတွေ့ခဲ့ရပါတယ်။
ကိုယ်တွေရောက်တဲ့အချိန်က ရေတက်နေတဲ့အချိန်မို့လို့ ရေပေါ်ပေါ်နေတဲ့ တာရိုးပေါ်ထိတက်ကြည့်လို့ရပါတယ်။ နောက်ပိုင်းမှာ အသစ်အဆန်းအနေနဲ့ တာရိုးတလျှောက် ဝါးဖောင်နဲ့ သွားကြည့်လို့ရမယ်လို့လည်း သိရပါတယ်။
ဘယ်လိုသွားလဲ အင်းလေးဟိုတယ်ဇုံကနေ ရေလမ်းနဲ့ အင်းလေးကန်ထဲကသွားမယ်ဆိုရင် ၂နာရီခွဲလောက်မောင်းရပြီး ကားလမ်းနဲ့ဆိုရင်တော့ ၁နာရီကျော်ကျော်လောက်မောင်းရပါတယ်။ကားလမ်းနဲ့ဆို ညောင်ရွှေ- လွိုင်ကော်လမ်းအတိုင်း မောင်းရင် အင်းလေးအရှေ့ဘက် ဟိုတယ်ဇုံကနေ ၁နာရီကျော်လောက်ပဲမောင်းရပါတယ်။
ကိုယ်တွေသွားခဲ့တုန်းကတော့ Novotel hotel ကနေ အသွားအပြန် ကားဌားခ ၃၀၀၀၀ ကျပ်နဲ့ ရခဲ့ပါတယ်။လွိုင်ကော်ကနေလာမယ်ဆိုရင်တော့ ၂နာရီလောက်မောင်းရမှာပါ။ မွေတော်ကက္ကူနဲ့လည်းနီးတော့ တောင်ကြီးကလာမယ်ဆိုရင် ညောင်ရွှေဖြတ်စရာမလိုဘဲ တောင်ကြီး-ကက္ကူ-ကျောက်တစ်လုံးလမ်းအတိုင်းလာလို့ရပါတယ်။ တောင်ကြီးကနေတော့ စံကားအထိ ၂နာရီ ကျော်လောက်မောင်းရမှာပါ။
အင်းလေးဟိုတယ်တွေကနေ ကားနဲ့သွားရင် အသွားတစ်နာရီ၊ အပြန်တစ်နာရီ၊ စံကားမှာ လှေနဲ့သွားလည်တဲ့ ၂နာရီဆို စုစုပေါင်း ၄နာရီကျော်-၅နာရီလောက်ပဲကြာတဲ့အတွက် နေ့ချင်းပြန်သွားလို့ရပါတယ်။အင်းလေးမကြာမကြာရောက်ဖူးသူတွေအနေနဲ့ အသစ်အဆန်းနေရာအဖြစ်သွားလည်နိုင်ပါတယ်။
သမိုင်းဝင်ရှေးဟောင်းစေတီတွေ ရေထဲမြှုပ်နေတဲ့ တကယ်ထူးခြားလှတဲ့ မြင်ကွင်းပါ။ ဒါကြောင့်မို့လို့ စံကားမြို့က ရှေးဟောင်းသမိုင်းဝင်စေတီတွေကို အင်းလေးရောက်ရင် သွားရောက်ဖူးမြော်နိုင်အောင် ဖော်ပြလိုက်ပါတယ်နော်။
Credit
Zawgyi
အင္းေလး ကန္ထဲမွာ ျမႇုပ္ေနေသာ ႏွစ္ရာခ်ီသက္ တမ္းရွိတဲ့ ေရွးေဟာင္း ေစတီေတြရွိရာ စံကားၿမိဳ႕ေဟာင္း အေၾကာင္း
အင္းေလးကန္ထဲမွာ ေရျမႇုပ္ေနတဲ့ၿမိဳ႕နဲ႕ ေစတီပုထိုးေတြရွိတယ္ဆိုတာသိၾကလား ပုံစံအမ်ိဳးမ်ိဳးရွိတဲ့ ေရွးေဟာင္းေစတီေတြ အင္းေလးေရျပင္ထဲျမႇုပ္ေနတာ သိပ္ကိုထူးဆန္းတဲ့ျမင္ကြင္းေပါ့…အဲ့ဒီၿမိဳ႕ေလးကေတာ့ စံကားဆိုတဲ့ၿမိဳ႕ေလးပါ။
အဂၤလိပ္လိုဆိုရင္ေတာ့ Sam Kar လို႔ေပါင္းပါတယ္။ စံကားလို႔ေပါင္းေပမဲ့ စကားလို႔ အသံထြက္ပါတယ္။စံကားၿမိဳ႕ေလးက အင္းေလးကန္ေတာင္ဖက္ပိုင္း အင္းေလးကန္ရဲ႕ အေရွ႕ဘက္ကမ္းမွာ တည္ရွိပါတယ္။
လူဦးေရ ၁၅၀၀ ေလာက္ပဲရွိတဲ့ ၿမိဳ႕ေသးေလးတစ္ၿမိဳ႕ျဖစ္ၿပီး ရွမ္း၊ ပအိုဝ့္၊ အင္းသားလူမ်ိဳးေတြေနထိုင္ၾကပါတယ္။ ဟိုးတစ္ခ်ိန္တုန္းကေတာ့ ရွမ္းျပည္ေတာင္ပိုင္းမွာ အခ်မ္းသာဆုံး ျဖစ္ခဲ့ဖူးတယ္တဲ့ေလ။ဘာလို႔ ေရျမႇုပ္ေနရသလဲ
၁၉၇၀ ခုႏွစ္ေလာက္တုန္းက ေလာပိတေရအားလွ်ပ္စစ္စက္႐ုံအတြက္ မိုးၿဗဲဆည္ကို တည္ေဆာက္ခ်ိန္မွာ ေရျမႇုပ္သြားခဲ့တာပါ။ စံကား၊ ဖယ္ခုံအျပင္ အင္းေလးေတာင္ပိုင္းက႐ြာေပါင္းမ်ားစြာရယ္ ဘီလူးေခ်ာင္းတေလွ်ာက္က ႐ြာေတြရယ္ ေရျမဳပ္သြားတယ္လို႔သိရပါတယ္။
႐ြာမွာေနထိုင္သူေတြဟာ မိမိ အိုးအိမ္စည္းစိမ္ေတြကို စြန႔္လႊတ္ၿပီး ေရလြတ္ရာကို ေျပာင္းေ႐ႊ႕ကာ ႐ြာတည္ေနထိုင္ခဲ့ၾကရတယ္တဲ့ေလ။ အခုလက္ရွိ စံကားၿမိဳ႕ကေတာ့ အသစ္တည္ထားတဲ့ ၿမိဳ႕ႀကီးေပါ့။
ျမန္မာတစ္နိုင္ငံလုံးက ၿမိဳ႕ႀကီးေတြ လွ်ပ္စစ္မီးရေအာင္ ႐ြာအျမႇုပ္ခံခဲ့ရေပမဲ့ သူတို႔ကိုယ္တိုင္မွာေတာ့ အခုထက္ထိ လွ်ပ္စစ္မီးမရရွိေသးဘူးတဲ့ေလ။ စိတ္မေကာင္းစရာပဲေနာ္။ဘာေတြလည္စရာရွိလဲ စံကားေလွဆိပ္ရွိရာ ဘုန္းႀကီးေက်ာင္းဝင္းမွာတင္ ေရွးေဟာင္းဘုရားေတြရယ္၊ ေရထဲျမႇုပ္ေနတဲ့ ဘုရားေတြရယ္ ေတြ႕ေနရပါၿပီ။
ေလွဆိပ္မွာ စားေသာက္ဆိုင္ငယ္ေတြရွိသလို ကမ္းနားက စားေသာက္ဆိုင္ကေန အင္းေလးကန္ရႈခင္းၾကည့္ၿပီးလည္း စားေသာက္နိုင္ပါတယ္။ ကိုယ္ေတြကေတာ့ ေလွဆိပ္ကေန ေလွစီးလုံးငါးခ ၂၀၀၀၀ က်ပ္ေပးၿပီး အင္းထဲက တာေခါင္ေမြေတာ္ဘုရားနဲ႕ နတ္တာရိုးတို႔ကိုလည္ပတ္ခဲ့ၾကပါတယ္။
“တာေခါင္ေမြေတာ္ဘုရား” တာေခါင္ေမြေတာ္ဘုရားက ေမြေတာ္ကကၠဴဘုရားေတြလို၊ ေ႐ႊအင္းတိမ္ဘုရားေတြလို ပုံသဏၰာန္အမ်ိဳးမ်ိဳးရွိတဲ့ ေရွးေဟာင္းဘုရားေတြအမ်ားႀကီး စီစီရီရီရွိေနတဲ့ ေစတီစုပါ။ ေစတီနားေလွကပ္လာတဲ့အခါမွာေတာ့ ေရထဲျမႇုပ္ေနတဲ့ ေစတီတခ်ိဳ႕က စီးႀကိဳလို႔ေနပါတယ္။
ကန္စပ္မွာရွိတဲ့ ေစတီမုခ္ဦးဝက ျခေသၤ့ႀကီး၂ေကာင္ကလည္း အင္းေလးကန္ႀကီးကို လွမ္းေမွ်ာ္ေနသေယာင္ ျမင္ကြင္းက ေဆြးစရာပါ။ရဲရဲနီေအာင္ပြင့္ေနတဲ့ပန္းခင္းေတြေနာက္မွာေတာ့ ေစတီေတြ၊ ေစတီေတြ အမ်ားႀကီး လွမ္းျမင္ေနရပါတယ္။
ေစတီေပါင္း ၂၃၆ဆူေတာင္ရွိၿပီး ေစတီအမ်ားစုက လြန္ခဲ့တဲ့ ႏွစ္ ၆၀၀ေက်ာ္ကတည္ထားခဲ့တာတဲ့ေလ။ အဲ့ဒီထဲကမွ ႏွစ္ေပါင္း ၂၀၀၀ ေက်ာ္ကတည္ထားခဲ့တဲ့ေစတီႀကီးကေတာ့ ဗိသုကာလက္ရာကအစ ဆန္းၾကယ္လို႔ေနပါတယ္။ ေ႐ႊေရာင္ေစတီႀကီးကလည္း ေရွးေဟာင္းေစတီေတြအၾကား သပၸါယ္စြာ ရွိလို႔ေနပါတယ္။
“နတ္တာရိုး” နတ္တာရိုးကေတာ့ အင္းေလးကန္အေရွ႕နဲ႕အေနာက္ကို ကန႔္လန႔္ျဖတ္ထားတဲ့ သဘာဝေက်ာက္တံတိုင္းႀကီးပါ။ ေလွဆိပ္ကေန မိနစ္၂၀ေလာက္ေလွစီးရပါတယ္။ ဒီတာရိုးႀကီးမွာ ပါးစပ္ရာဇဝင္တစ္ခုရွိပါတယ္။ ေဒသခံေတြကေတာ့ နတ္တို႔ဖန္ဆင္းထားတယ္လို႔ ေျပာစမွတ္ျပဳၾကတာေပါ့။
ဟိုးေရွးေရွးတုန္းက အင္းေလးကန္ရဲ႕ အေရွ႕ေရထြက္ေပါက္နဲ႕ အေနာက္ေရထြက္ေပါက္ကို နတ္သား၂ပါးနဲ႕ နတ္သမီး၁ပါးတို႔က ကိုယ္စီေစာင့္ေရွာက္ထားၾကပါတယ္တဲ့။ နတ္သားထဲကတစ္ပါးက နတ္သမီးကို ခ်စ္ခင္စုံမက္လို႔ သြားကမ္းလွမ္းတဲ့အခါ မိုးမလင္းခင္ ေရထြက္ေပါက္၂ခုကို တံတားတစ္စင္း အၿပီးေဆာက္ေပးရင္လက္ခံမယ္လို႔ ျပန္ေျပာပါသတဲ့။
နတ္သားလည္း အားႀကိဳးမာန္တက္နဲ႕ အၿပီးေဆာက္တာေပါ့။ ဒါေပမဲ့ နတ္သမီးေလးက လက္မဆက္ခ်င္တာေၾကာင့္ ၾကက္တစ္ေကာင္ကို မိုးမလင္းခင္ တြန္ဖို႔ေစခိုင္းခဲ့သတဲ့ေလ။
ၾကက္တြန္သံလည္းၾကားေရာ မိုးလင္းၿပီအမွတ္နဲ႕ နတ္သားေလး လက္ေလွ်ာ့သြားတာေၾကာင့္ တံတားက မၿပီးမျပတ္ျဖစ္ေနတာတဲ့ေလ။ ဒါေၾကာင့္လည္း တာရိုးက အေနာက္ဘက္ကမ္းအထိမေရာက္ဘဲ အင္းေလးကန္အလည္မွာ ျပတ္သြားတာကိုေတြ႕ခဲ့ရပါတယ္။
ကိုယ္ေတြေရာက္တဲ့အခ်ိန္က ေရတက္ေနတဲ့အခ်ိန္မို႔လို႔ ေရေပၚေပၚေနတဲ့ တာရိုးေပၚထိတက္ၾကည့္လို႔ရပါတယ္။ ေနာက္ပိုင္းမွာ အသစ္အဆန္းအေနနဲ႕ တာရိုးတေလွ်ာက္ ဝါးေဖာင္နဲ႕ သြားၾကည့္လို႔ရမယ္လို႔လည္း သိရပါတယ္။
ဘယ္လိုသြားလဲ အင္းေလးဟိုတယ္ဇုံကေန ေရလမ္းနဲ႕ အင္းေလးကန္ထဲကသြားမယ္ဆိုရင္ ၂နာရီခြဲေလာက္ေမာင္းရၿပီး ကားလမ္းနဲ႕ဆိုရင္ေတာ့ ၁နာရီေက်ာ္ေက်ာ္ေလာက္ေမာင္းရပါတယ္။ကားလမ္းနဲ႕ဆို ေညာင္ေ႐ႊ- လြိုင္ေကာ္လမ္းအတိုင္း ေမာင္းရင္ အင္းေလးအေရွ႕ဘက္ ဟိုတယ္ဇုံကေန ၁နာရီေက်ာ္ေလာက္ပဲေမာင္းရပါတယ္။
ကိုယ္ေတြသြားခဲ့တုန္းကေတာ့ Novotel hotel ကေန အသြားအျပန္ ကားဌားခ ၃၀၀၀၀ က်ပ္နဲ႕ ရခဲ့ပါတယ္။လြိုင္ေကာ္ကေနလာမယ္ဆိုရင္ေတာ့ ၂နာရီေလာက္ေမာင္းရမွာပါ။ ေမြေတာ္ကကၠဴနဲ႕လည္းနီးေတာ့ ေတာင္ႀကီးကလာမယ္ဆိုရင္ ေညာင္ေ႐ႊျဖတ္စရာမလိုဘဲ ေတာင္ႀကီး-ကကၠဴ-ေက်ာက္တစ္လုံးလမ္းအတိုင္းလာလို႔ရပါတယ္။ ေတာင္ႀကီးကေနေတာ့ စံကားအထိ ၂နာရီ ေက်ာ္ေလာက္ေမာင္းရမွာပါ။
အင္းေလးဟိုတယ္ေတြကေန ကားနဲ႕သြားရင္ အသြားတစ္နာရီ၊ အျပန္တစ္နာရီ၊ စံကားမွာ ေလွနဲ႕သြားလည္တဲ့ ၂နာရီဆို စုစုေပါင္း ၄နာရီေက်ာ္-၅နာရီေလာက္ပဲၾကာတဲ့အတြက္ ေန႕ခ်င္းျပန္သြားလို႔ရပါတယ္။အင္းေလးမၾကာမၾကာေရာက္ဖူးသူေတြအေနနဲ႕ အသစ္အဆန္းေနရာအျဖစ္သြားလည္နိုင္ပါတယ္။
သမိုင္းဝင္ေရွးေဟာင္းေစတီေတြ ေရထဲျမႇုပ္ေနတဲ့ တကယ္ထူးျခားလွတဲ့ ျမင္ကြင္းပါ။ ဒါေၾကာင့္မို႔လို႔ စံကားၿမိဳ႕က ေရွးေဟာင္းသမိုင္းဝင္ေစတီေတြကို အင္းေလးေရာက္ရင္ သြားေရာက္ဖူးေျမာ္နိုင္ေအာင္ ေဖာ္ျပလိုက္ပါတယ္ေနာ္။
Credit