တခါတုန်းက အလွန်ဆင်းရဲသော လယ်သမားတယောက်သည် လယ်ကလည်းမဖြစ်၊ စပါးကလည်းမထွက်၊ အခွန်ကလည်း ဖိစီးလာသောကြောင့် ကြံရာမရဖြစ်ကာ ခိုးမိလေသည်။ သူနေသောနိုင်ငံကား သူများပစ္စည်းကို ခိုးလျှင်လည်း သေဒဏ်ကျခံရသည့် နိုင်ငံဖြစ်နေသည်။ လယ်သမား ကံမကောင်းပါ။ တခါခိုး တစ်ခါမိသည်။ ထို့ကြောင့် သူ့ကို ကြိုးပေးသတ်ရမည် ဖြစ်သည်။
သူခိုးကို လူအများစုံရာ ကွင်းထဲတွင် ကြိုးစင်ဖြင့်သတ်ရန် ခေါ်လာသူမှာ မြို့ဝန်ဖြစ်သည်။ လူသတ်ကွင်းကို ဘုရင်ကလည်း ရောက်လာသည်။ ကြိုးစင်ပေါ်တက်ခါနီးတွင် လယ်သမားက မြို့ဝန်ကို ပြောလေသည်။
"ကျွန်တော်မျိုး မသေမီ လျှို့ဝှက်ချက်တခု ပြောပြခဲ့ချင်ပါသည်"
"ဘာများလဲ သူခိုးရယ်"
"ကျွန်တော်မျိုး၏ လျှို့ဝှက်ချက်သည် အလွန်အရေးကြီးသောကြောင့် ဘုရင့်ရှေ့မှောက်တွင် ပြောလျှင် ပိုကောင်းပါလိမ့်မည်။ ဘုရင်လည်း သိစေချင်သောကြောင့်ဖြစ်သည်"
"ကောင်းပြီ ငါမင်းကြီးကို သွားပြီးလျှောက်ထားကြည့်မယ်"
မြို့ဝန်က ဘုရင်ထံရောက်လာပြီး သူခိုးက လျှို့ဝှက်ချက်တခုပြောပြီးမှ သူ့ကို ကြိုးပေးရန် ပြောကြောင်း လျှောက်ထားလေသည်။ လျှို့ဝှက်ချက်ကို လူတိုင်းစိတ်ဝင်စားသည်။ ဘုရင်လည်း လူဖြစ်သည်။ ထို့ကြောင့် "ရှေ့တော်မှောက်ခေါ်ခဲ့စမ်း" ဟုဆိုသည်။
"ဟဲ့ သူခိုး ပြောလော့ အဘယ်လျှို့ဝှက်ချက်နည်း"
လယ်သမားက သူ့ခါးပုံစထဲမှ သစ်စေ့တစေ့ကို ထုတ်လိုက်သည်။ "ဟောဒီ သစ်စေ့ဟာ မြေမြှုပ်ထားလိုက်လျှင် တညတည်းနှင့် အပင်ကြီးတပင် ဖြစ်လာပါလိမ့်မည်။ သီးသော အသီးများကလည်း စားသူမှာ အသက်ရှည်ကာ အသက်တရာကျော် တိုင်အောင် နေနိုင်ပါသည် ဘုရား"
"ဟုတ်ရဲ့လား သူဆင်းရဲသူခိုးစကား ယုံစားစရာ အကြောင်းမရှိ"
"မယုံလည်း ကျွန်တော်မျိုးကို သတ်ပါတော့ဘုရား"
"နေဦး သင်ကိုယ်တိုင်စိုက်လော့ နောက်တနေ့နံနက် ရောက်သည်နှင့် သင်ပြောသည့်အတိုင်း မဟုတ်လျှင် သင့်ကိုသာမက သင့်မိသားစုကိုပါ အပြစ်ပေးမည် နားလည်လား"
"နားလည်ပါတယ်ဘုရား သစ်စေ့ကို စိုက်ရန်အတွက် ဤနေရာတွင် ကျင်းသေးသေးလေးတခု လာတူးပေးပါဘုရား"
ဘုရင်က "ဟဲ့ စစ်သူကြီး သင့်ဓားနဲ့ ကျင်းတူးပေးလိုက်" ဟု အမိန့်ပေးသည်။ စစ်သူကြီးက ဓားထုတ်က ကျင်းလေးတကျင်း တူးပေးသည်။
"ကဲ စိုက်ပေတော့"
"ကျွန်တော်မျိုးက သစ်စေ့ပဲ ပေးမှာပါဘုရား ကိုယ်တိုင်က သူခိုးဖြစ်နေသည့်အတွက် ငါးပါသီလကို ကျူးလွန်ဖောက်ဖျက်ထားသူ ဖြစ်နေပါသည်ဘုရား။ ငါးပါးသီလ မလုံသူမှာ ဤသစ်စေ့ကို စိုက်လည်း ဘာမျှ ဖြစ်လာမည် မဟုတ်ပါ။ သို့ဖြစ်ရာ ငါးပါးသီလ လုံမည်ထင်ရသော စစ်သူကြီး ကိုယ်တိုင်ကို စိုက်ပါစေ ဘုရား။ တခုတော့ သတိပေးပါရစေဘုရား ဤသစ်စေ့သည် အသက်ရှည်သီးကို သီးစေသည့် သစ်စေ့ ဖြစ်သလို၊ သီလမလုံသည့်သူ စိုက်ပါကလည်း ချက်ချင်းလဲကျကာ သေဆုံးနိုင်ပါသည်ဘုရား"
"ကိုင်း ဒီလိုဆိုမှတော့ စစ်သူကြီး သူ့ဆီက သစ်စေ့ကိုယူကာ စိုက်ပျိုးစေဗျား"
စစ်သူကြီး အခက်တွေ့နေသည်။ စစ်စရိတ်ငွေတွေကို ခိုးထားသည့်အပြင်၊ စစ်လက်နက်တွေကိုလည်း အရည်အသွေး နိမ့်သည့် ပစ္စည်းများသွင်းရန် လာဘ်ယူထားသေးသည်။ လိမ်လည်းပြောတတ်သူ ဖြစ်နေသေးသောကြောင့် သစ်စေ့ကို မယူဝံ့။ ထို့ကြောင့်
"ကျွန်တော်မျိုးမှာ သီလမလုံသောသူ ဖြစ်သဖြင့် မယူဝံ့ကြောင်းပါ"
"ကိုင်း ဒါဆို မြို့ဝန်ကိုယ်တိုင်စိုက်စေ"
မြို့ဝန်လည်း အခက်တွေ့နေပြီ။ မနေ့ကပဲ သူတပါးမယားကို ပြစ်မှားခဲ့သည်။ သူ့မယားလိုချင်သော ကြောင့် သူ့လင်ကို လှံနှင့်ထိုးရာတွင်လည်း ကိုယ်တိုင်ဖြစ်နေသည်။ ထို့ကြောင့်
"ကျွန်တော်မျိုးလည်း မစိုက်ဝံ့ပါဘုရား"
ဘုရင်က
"ခက်နေပါပေါ့လား ကိုင်း မိဖုရားကြီး လာလှည့် သစ်စေ့စိုက်ဗျား"
မိဖုရားကြီးကလည်း ပုဏ္ဏားတော်ကြီးနှင့် ဖောက်ပြန်နေသည်။
"သားတော်လာခဲ့"
သားတော်ကလည်း တနိုင်ငံလုံးပစ္စည်း ငါ့ပစ္စည်းအဖြစ် ခိုးယူသိမ်းပိုက်ထားသူ ဖြစ်နေသည်။ ဟိုရှောင် သည်ရှောင် ထွက်ပြေးသူတွေပြေး ဖြစ်ကုန်သည်။
လယ်သမားက ဆိုသည်။ "အရှင်မင်းကြီး အရှင်မင်းကြီးသည်ကား တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူ ဖြစ်သောကြောင့် အရှင်မင်းကြီးသာ ဤသစ်စေ့ကို စိုက်ပျိုးရန် အသင့်လျော်ဆုံးသူ ဖြစ်ပါလိမ့်မယ်ဘုရား စိုက်တော်မူပါ"
ဘုရင် အခက်ကြုံနေပြီ။ ထီးနန်းကို မတရား သိမ်းပိုက်ထားသည်။ ပြည်သူတွေကို သတ်ချင်တိုင်း သတ်သည်။ မင်းဘဏ္ဍာ ငါ့ဟာမှတ်ကာ တိုင်းပြည်ဘဏ္ဍာထဲမှ ခိုးထားသည်ကလည်း ထားစရာနေရာပင် မရှိ။ လိမ်ပြီး အမိန့်တွေ ထုတ်နေသည်ကလည်း ထီးနန်း တက်လာကတည်းကဖြစ်သည်။ ထို့ကြောင့် ဘုရင်က လယ်သမား လှမ်းပေးနေသော သစ်စေ့ကို မယူဝံ့။
"ဟဲ့ မြို့ဝန်"
"ဘုရား"
"နင့်ကောင်ကို မြန်မြန်လွှတ်လိုက်တော့"
လယ်သမားတောင်းဆိုမှုက သူ့ခမည်းတော်နှင့် မယ်တော်တွေအဆင့်အထိ ရောက်လာလျှင်ဟု တွေးကာ ဘုရင်က နန်းတော်ထဲကို မြန်မြန်ဝင်သည်။ (ဂျူးပုံပြင်တပုဒ်ကို မှီငြမ်းပါသည်) တင်ညွန့်